သာကေတမှာ ပြည်သူနှစ်ဦး ပစ်သတ်ခံရပြီး ငါးဦးအဖမ်းခံရ
2023.03.20

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ် အမှတ် (၈) ဂိတ်မှတ်တိုင်မှာ ကြံရည်ရောင်းနေတဲ့ ပြည်သူနှစ်ဦးကို မတ်လ ၁၉ ရက်နေ့ညမှာ ပျူစောထီးအဖွဲ့ဝင်တွေ ပစ်သတ်ခဲ့သလို မတ်လ ၁၈ ရက်နေ့ကလည်း ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ သာကေတမြို့ခံတွေက ပြောပါတယ်။
မတ်လ ၁၇ ရက်က သာကေတမြို့၊ အမှတ် (၂) ရဲစခန်းရှေ့မှာ ရဲတပ်ဖွဲ့ဝင်သုံးဦးကို အမည်မသိ သေနတ်သမားတွေ ပစ်ခတ်ခဲ့တာကြောင့် ရဲနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို တစ်ဦးဆေးရုံရောက်ခဲ့ပြီးနောက်ပိုင်း အခုလိုတွေ သတ်ဖြတ်၊ ဖမ်းဆီးခံရတာလို့ မြို့ခံတွေက ပြောပါတယ်။
နှစ်ရက်အတွင်း နှစ်ဦးပစ်သတ်ခံရပြီး ငါးဦးအဖမ်းခံရတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့် နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာကေတမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ကညက ကျနော်တို့ (၈) ရပ်ကွက်မှာ ကြံရည်ရောင်းနေတဲ့ အမျိုးသားနှစ်ယောက် ကို ပျူတွေက လာပစ်သွားတာ။ နှစ်ယောက်စလုံးသေတယ်။ သူတို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတော့ ရပ်ကွက် ရာအိမ်မှူးရယ်၊ မိုးစက်ပရဟိတအသင်းက ဥက္ကဋ္ဌရယ်၊ သူနဲ့အတူ ကိုမင်းမင်းဆိုတဲ့ တစ်ယောက်ပေါ့။ ကိုမင်းမင်းက သူ့အိမ်ကလူတွေပေါ့။ သူ့သမီးနဲ့ သူညီမထင်တယ်။ သူတို့ကိုပါ ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ ငါးယောက်စလုံး ဘာသတင်းမှ မကြားရ သေးဘူး"
သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာနဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံး သေဆုံးခဲ့ ရသူ စုစုပေါင်း ၃၁၄၂ ဦးရှိခဲ့ပြီး ဖမ်းဆီးခံထားရသူ ၁၆,၅၇၄ ဦး ရှိပါတယ်။