နိုင်ငံရေးအကျဉ်းသား ကိုဒီငြိမ်းလင်း လွတ်ငြိမ်းချမ်းသာခွင့် မမျှော်လင့်

မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂ဝဝ၇ မျိုးဆက်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိကြောင်း မိခင်ဖြစ်သူက အာအက်ဖ်အေကို ပြောပြပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသော ဖခင် ကိုဇော်ဇော်မင်း (ဝဲ) နှင့် သား မောင်ဒီငြိမ်းလင်း (ယာ)တို့ ဖြစ်ပါသည်။ (Image: RFA) RFA

“လွတ်မယ်ပြောတိုင်း မျှော်လင့်ချက်တွေ သိပ်ပြီး မထားနဲ့ပေါ့။ နောက် အခြေအနေတွေ ဘယ်လောက်ပဲ အကောင်းဘက်ကို ဦးတည်နေနေ အချိန်မရွေး အဆိုးဘက်ကို ရောက်သွားနိုင်တယ်ပေ့ါ။ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ သမ္မတက ပြောထားတယ်လေ။ အဲဒါကြောင့် ပြန်လွတ်ဖို့ဆိုတာ လတ်တလော မဖြစ်နိုင်သေးဘူးပေါ့”

မုံရွာထောင်မှာ ရှိနေတဲ့ သားဖြစ်သူ ကိုဒီငြိမ်းလင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဝင်စာတွေ့ခွင့် ရခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။ တဆက်တည်းမှာပဲ တောင်ငူထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ခင်ပွန်းဖြစ်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းကိုလည်း ထောင်ဝင်စာတွေ့ခွင့် ရတယ်လို့ ဆိုပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ပြန်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်တွေအတွက် သူ့အနေနဲ့ နားလည်ထောက်ခံကြောင်း ဦးဇော်ဇော်မင်းက ပြောလိုက်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။

ဒီအတောအတွင်း ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကသာအကျဉ်းထောင်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၄၅) နှစ်မြောက် မွေးနေ့အခမ်းအနားကို မိသားစုနဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းကျင်းပခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်သူက ပြောပါတယ်။

“ကိုဘွယ်ကြီးကို ချစ်တဲ့ မိသားစုတွေက လာပြီး ကိုဘွယ်ကြီးအတွက် လာပြီး အားပေးတဲ့သဘောပေါ့။ မွေးနေ့ရှင် မပါတဲ့ မွေးနေ့ပွဲတွေ ကျင်းပရတာဆိုတော့ စိတ်လည်း မကောင်းကြဘူးပေါ့”

ကိုအံ့ဘွယ်ကျော် နေအိမ်မှာကျင်းပတဲ့ မွေးနေ့ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း တက်ရောက် အားပေးခဲ့တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org