ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမယ် လို့ ဒေါ်မြင့်မြင့်အေး ပြောကြား
2013.12.10
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကိုကူညီခဲ့သူ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့က သူတို့ကို ၆ လတိတိ အမိန့်ချခြင်းမရှိဘဲ ဖမ်းဆီးထားတာကြောင့် ပေါင်းတည်အကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဒီနေ့ နတ္တလင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် RFA ကို ပြောပါတယ်။
သူတို့ ၃ ဦးကို ၆/၈၈ အသင်းအပင်းဥပဒေနဲ့ နတ္တလင်းမြို့နယ ်ရဲစခန်းက တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ရုံးချိန်းဟာ ၁၉ ကြိမ်မြောက်ဖြစ်ပါတယ်။
သူတို့ ၃ ဦးကို ပေါင်းတည်အကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ဇွန်လကတည်းက ထိန်းသိမ်းထားပြီး အခုအချိန်ထိ အချိန်ဆွဲနေတာကြောင့် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဒေါ်မြင့်မြင့်အေးက နတ်တလင်းမြို့နယ် တရားရုံးမှာရှိနေစဉ် RFA ကို အခုလိုပြောပါတယ်။
“ကျမတို့ကို ၆/၈၈ နဲ့ တရားစွဲတယ်၊ အခုပေါင်းတည်ထောင်ထဲကို ကျမတို့ရောက်တာ ဒီကနေ့ဆိုရင် ၆ လတိတိပြည့်ပါပြီ၊ ကျမတို့ဖြစ်စေချင်တာက စွဲချက်တင်သင့်တယ်ဆိုရင်လည်းတင်ပါ၊ ကျမတို့ကိုစစ်ပါ၊ ထောင်ချရင်လည်းချပါ၊ စွဲချက်မတင်သင့်ဘူးဆိုရင်လည်း သူတို့လွှတ်ရမှာပေါ့နော်၊ မနက်ဖြန်နဲ့ သဘက်ခါ နှစ်ရက်စောင့်ပြီးတော့မှ သောကြာနေ့အထိအောင်မှ စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့ အမိန့်တစ်ခုခုကို ပဲခူးတိုင်းတရားရုံးက ချမပေးဘူးဆိုလို့ရှိရင် ပေါင်းတည်ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြသွားမှာဖြစ်ပါတယ်”
ဒေါ်မြင့်မြင့်အေးတို့ ဖွဲ့စည်းထားတဲ့ ကွန်ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူထားတာဖြစ်တယ်လို့ နတ်တလင်းမြို့နယ် ရဲစခန်းက တာဝန်ကျအရာရှိ တစ်ဦးက RFA ကို အရင်က ဖြေကြားခဲ့ဖူးပါတယ်။
ဒီကနေ့ တရားရုံးချိန်းလာတက်တဲ့ ဒေါ်မြင့်မြင့်အေးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။