ထားဝယ်က တက်ကြွလှုပ်ရှားသူ ထောင် ၂၁ နှစ်ခွဲနဲ့ တိုက်ပိတ်ခံထားရ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အသက် ၃၀ အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးဟာ ထောင်ဒဏ် ၂၁ နှစ်ခွဲ ချခံထားရတဲ့အပြင် ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က RFA ကို ပြောပါတယ်။
ကိုဇေလင်းဦးဟာ စွပ်စွဲချက် ပုဒ်မ ၆ ခုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ဂ)၊ ၁၉ (စ)၊ ၁၉ (င)တို့အတွက် ထောင် ၆ နှစ် ပထမဆုံး ချခံထားရပါတယ်။
အမိန့်ချဖို့ ကျန်နေတဲ့ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၂၆ တို့အတွက် မနေ့က ထားဝယ်ထောင်တွင်း တရားရုံးကနေ ထောင် ၁၅ နှစ် ထပ်ချလိုက်ပါတယ်။
ဒါကြောင့် အမှု ၆ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်နဲ့ ၆ လ ချခံထားရတယ်လို့ ဆိုပါတယ်။
"ပုဒ်မလေးခုကို အမိန့်ချပြီးသား၊ အခုကျန်တဲ့ နှစ်ခုကို အမိန့်ချတာ၊ လူသတ်မှု ၃ဝ၂ နဲ့ ပုဒ်မ ၃၂၆ တို့အတွက် အမိန့်ချလိုက်တာ" လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ကိုဇေလင်းဦးဟာ ၂၀၂၁ ခုနှစ် ဧပြီလက ထားဝယ်မြို့ ကျန်းမာရေးလမ်းမှာ ဇနီးဖြစ်သူ မနှင်းစုလှိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
မနှင်းစုလှိုင်ဟာလည်း အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လ ချမှတ်ခံထား ရပါတယ်။
ကိုဇေလင်းဦးဟာ ထားဝယ်မြို့မှာ လူသိများတဲ့သူတစ်ဦးဖြစ်ပြီး ထားဝယ်က ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါခဲ့သူဖြစ်ပါတယ်။ သူဟာ ဖမ်းဆီးခံပြီး စစ်ကြောရေးမှာ ရိုက်နှက် စစ်ဆေးခံခဲ့ရတယ်လို့လည်း ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထားဝယ်မှာ အမျိုသား ၁၇၅ ဦး အမျိုးသမီး ၃၈ ဦး ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပြီး တိုက်ပိတ်ခံထားရသူ ဆယ်ယောက်ထက်မနည်း ရှိတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ပြောထားပါတယ်။