ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ မြန်မာ-ထိုင်း ခေါင်းဆောင်များဆွေးနွေး

သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများအဖွဲ့နဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ် ဦးဆောင်တဲ့ စီးပွားရေးအဖွဲ့တို့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဧည့်ရိပ်သာမှာ မနေ့ မနက် က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ် ဦးဆောင်တဲ့ စီးပွားရေးအဖွဲ့တို့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို လာရောက်ကြည့်ရှုနေစဉ် Photo: Yingluck Shinawatrs's facebook

အဓိက အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွာရေးဇုန် ပူးတွဲတည်ဆောက်ရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အရှိန်တန့်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖေါ်ရေးအတွက် ပြင်းပြတဲ့ ဆန္ဒရှိ ကြောင်း သမ္မတ ဦးသိန်းစိန်  က ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း၊ ဒါပေမဲ့ မိမိတို့နှစ်နိုင်ငံတည်းရဲ့အင်အားနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက်၊  လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ တခြားနိုင်ငံတွေကိုပါ ဖိတ်ခေါ်ရမယ်လို့ သမ္မတ ဦးသိန်းစိန်  က  ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

အမေရိကန်ဒေါ်လာ ဘီလျံချီပြီးကုန်ကျမယ့် ထားဝယ်စီမံကိန်းအတွက်  အီတာလျံ ထိုင်း ကုမ္ပဏီကြီးက အဓိက ဦးဆောင် လုပ်ကိုင်မှာဖြစ်ပြီး၊ စီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေနေပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ကလည်း ထားဝယ်စီမံကိန်းမှာ ထိုင်းလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းမှာဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေအောင် ထားဝယ်မှာ ထိုင်း ကောင်စစ်ဝန်ရုံး မကြာခင်ဖွင့်မယ်လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေ တွန့်ဆုတ်နေကြပြီး၊ ထိုင်းဘဏ်တွေကလည်း နိုင်ငံရပ်ခြားမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေမချေးချင်ကြဘူးလို့ အီတာလျံ ထိုင်း ကုမ္ပဏီ ဈေးကွက်မန်နေဂျာ ပရာဗီးက AFP သတင်းကို ပြောပါတယ်။

မြန်မာလုပ်ငန်းရှင်တွေအနေနဲ့လည်း ကုန်ကျစရိတ်ကြီးမားလွန်းတဲ့အတွက် ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ်နေကြပါတယ်။ အလုပ်သမားလစာကို ထိုင်းနိုင်ငံနှုန်း နဲ့ပေးရမယ့်အပြင်၊ ဒီစီမံကိန်းဟာ ထိုင်းနိုင်ငံ အတွက်သာ ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်လို့  ရန်ကုန်က လုပ်ငန်းရှင်တစ်ယောက်က ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ထိုင်းအတွက် အိန္ဒိယသမုဒ္ဒရာနဲ့ အနောက်နိုင်ငံ ဈေးကွက်တွေဆီ လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org