ထားဝယ်မှာ အခြေခံပညာကျောင်းတွေ ၅ ရက်ပိတ်ဖို့ အစိုးရ ညွှန်ကြား
2017.07.27
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေး( H5N1) ဗိုင်းရပ်စ် ပိုး တွေ့ရှိတဲ့အတွက် ဒီကနေ့ကစပြီး အခြေခံပညာစာသင်ကျောင်းတွေကို ၅ ရက်တိတိ ပိတ်ထားဖို့ တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
ကလေးငယ်တွေဆီ ကူးစက်မှာကို စိုးရိမ်ရတာကြောင့် လူစုခွဲတဲ့အနေနဲ့ ထားဝယ်မြို့နယ်အတွင်းက အခြေခံ ပညာကျောင်းတွေကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ကစတင်ပြီး ၃၁ ရက်နေ့အထိ ပိတ်ထားဖို့ ညွန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောပါတယ်။
"ကလေးတွေကို လူစုလူဝေးကို ခွဲတဲ့သဘောရယ်။ ကလေးလေးတွေပါနေတယ်ဆိုတော့ ကျနော်တို့ ကလေးလေးတွေအတွက် စိုးရိမ်လို့ပါခင်ဗျ။ ကလေးတွေအတွက် စိုးရိမ်တဲ့အတွက် မြို့နယ်တွင်း အထက်တန်းကျောင်းအဆင့် အထိပေါ့။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေရယ်။ နောက် မူကြိုကျောင်းလေးတွေရယ်ကို တနင်္လာနေ့ အထိပေါ့လေ။ ၃၁ ရက်နေ့အထိ ပိတ်ထားပါတယ်ခင်ဗျာ"
စတင်ဖြစ်ပွားခဲ့တဲ့ ကြက်ခြံက ကြက်ကောင်ရေ နှစ်သောင်းကျော်ကို သုတ်သင်ရှင်းလင်းထားပြီး ခြံပိုင်ရှင်နဲ့ အလုပ်သမားတွေကို ခြံဝင်းအတွင်းမှာပဲ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တနသာၤရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောပါတယ်။
ထားဝယ်မြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါ H5N1 စတင်ဖြစ်ပွားခဲ့တဲ့ ဧရိယာ တစ်ဝိုက်မှာ ကြက်ခြံ ၆ ခြံရှိနေပြီး ဖြစ်ပွားဖို့အခြေအနေရှိတဲ့ ကြက်ခြံ ၂ ခြံကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။