ထားဝယ်မှာ လူလေးဆယ်နီးပါး ဖမ်းဆီးခံရ
2023.12.29

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒီရက်ပိုင်း လုံခြုံရေးတင်းကျပ်ထားသလို နှစ်ပတ်အတွင်း လူ လေးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ထားဝယ်မြို့ခံတွေက ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ထားဝယ်မြို့ပေါ် ကြက်စားပြင်ရပ်ကွက် ငါးစျေးအနီးက ဒေသခံ သုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်းမှာတော့ အွန်လိုင်းငွေလွှဲပြောင်းမှု ကိစ္စတွေနဲ့ ဆက်စပ်ပြီး ဘုမ္မော်နဲ့ ကျောက်မှော်ရပ်ကွက်တွေက အရပ်သားငါးဦး ဖမ်ဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ထားဝယ်မြို့မှာ ဖမ်ဆီးခံရသူ စုစုပေါင်း လေးဆယ်နီးပါး ရှိလာတာပါ။
လူ သုံးဆယ်ကျော်ဖမ်းဆီးခံရတဲ့ ကိစ္စကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထားဝယ်မြို့ပေါ် ကြက်စားပြင် ရပ်ကွက်ထဲ ဝင်လာတဲ့ ရုပ်သံဖိုင်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လာပြီးနောက် အဲဒီရုပ်သံမှာပါတဲ့နေရာဖြစ်တဲ့ ကြက်စားပြင်ရပ်ကွက်က ဒေသခံတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားအများစုပါဝင်ပြီး စစ်ဆေးစရာရှိကြောင်း ပြောဆိုပြီး ဖမ်းခေါ်သွားတာလို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“အဲဒီနေ့က ဝင်ဖမ်းတာများတယ်။ ရေလုပ်သားတချို့လည်း ပါတယ်။ သူတို့ လာဖမ်း သွားတဲ့အချိန်မှာ ပြောတာကတော့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ အကုန် ပြန်လွတ်လာတယ် မကြားမိပါဘူး”
ကြက်စားပြင်ရပ်ကွက်က ဖမ်းဆီးခံရသူတွေထဲမှာ လူ ခြောက်ဦးပဲ ပြန်လွတ်လာသေးပြီး အများစုက ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ ထုတ်ပြန်ချက် အရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူနှစ်သောင်း နီးပါး (၁၉,၈၄၈ဦး) ရှိပြီး အဲဒီအထဲက ရှစ်ထောင်ကျော် (၈,၄၁၇ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။