ဒေါ်ခင်ကြည်၂၃ နှစ်ပြည့် အထိမ်းအမှတ် အလှူ

အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်တာ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူအတန်းပြုတဲ့ အခမ်းအနားတွေကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ရာ ဘာသာရေးအဖွဲ့ ၆ ဖွဲ့ လာရောက်ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစု။
မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစု။ (Archive Photo)

အလှူအတန်းပွဲများကို ဒီကနေ့ မနက်ပိုင်းကမှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေနဲ့ စတင်ခဲ့တယ်လို့ NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။ မနက်ပိုင်းမှာ ရွှေတောင်ကုန်း ကျောင်းတိုက် ဆရာတော်ဘုရားကြီး၊ ချမ်းမြေ့ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားနဲ့ သံဃာတော်များကို ဆွမ်းကပ်လှူကြောင်း၊ ညနေပိုင်းမှာတော့ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ၊ ဂျူး နဲ့ ဘဟာရီ ဝတ်ပြုအဖွဲ့တွေ လာရောက်ကြကြောင်း သိရပါတယ်။

"အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင့်ဖိတ်ထားချက်အတိုင်း ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ကျောင်းတိုက်က ဆရာတော်ဘုရားကြီးနဲ့ သံဃာ ၅ ပါး၊ နောက် ချမ်းမြေ့ ပရိယတ္တိ စာသင်တိုက်က ဆရာတော်ဘုရားကြီးနဲ့ သံဃာတော် ၅ ပါး ကြွရောက်ပြီးတော့ အဲဒီမှာ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးတော့ ဆွေမျိုးရင်းချာများနဲ့ အတူ အနုမောဒနာ ပြုပြီးတော့ အမျှအတမ်း ပေးဝေပါတယ်။ ဒါ ပထမဆုံး လုပ်တဲ့ ကုသိုလ်ပွဲပါ။ ညနေ ၄ နာရီမှာ ခရစ်ယာန်ဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ဂျူးဘာသာဝင်နဲ့ ဘဟာရီ သာသနာ ဝတ်ပြုအဖွဲ့တွေက ၆ ဖွဲ့ လာရောက်ကြပါတယ်"

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ ပါတယ်။ အခမ်းအနားကို တက်ရောက်သူတွေထဲမှာ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါဝင်ပါတယ်။