သံချပ်အဖွဲ့တချို့ စင်ပေါ်ဖျော်ဖြေခွင့် ရုပ်သိမ်းခံရ
2018.04.16

ဒီနေ့ သြင်္ကန်အတက်နေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းရဲ့ စင်ပေါ်ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်သိမ်းခံရပြီး မြေဝိုင်းဖျော်ဖြေမှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာတွေ ရှိခဲ့ပါတယ်။
မနက်ပိုင်းက လှိုင်မြို့နယ်မှာ စတင်ဖျော်ဖြေခဲ့တဲ့ မြေဝိုင်းဖျော်ဖြေမှုအပါအဝင် မဏ္ဍပ်တွေကလည်း ဖျော်ဖြေမှုတွေ လာမလုပ်တော့ဖို့ အကြောင်းကြားလာတာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ ပထမဆုံးအနေနဲ့ လှိုင်မြို့နယ်မှာ မြေဝိုင်းဖျော်ဖြေမှုကို ပထမဆုံးပြုလုပ်ခဲ့တယ်။ ပြုလုပ်ခဲ့တဲ့ အခါမှာ ကျနော်တို့ကို လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက လာပြီးတော့ ဖျော်ဖြေခွင့်မရှိဘူး ဆိုတဲ့ဟာမျိုးကို ပြောပါ တယ်။ ဆင်ဆာမတင်ထားလို့ ဖျော်ဖြေခွင့်မရှိဘူးဆိုတဲ့ဟာမျိုးကို လာပြောပါတယ်။ ကျနော်တို့နဲ့ စကားအချေ အတင်ဖြစ်ပြီးတော့ ကျနော်တို့ ဖျော်ဖြေမှုကို ပြီးဆုံးအောင် ပြုလုပ်ပြီးတော့ နောက်တနေရာကို ဖျော်ဖြေဖို့ သွားပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ ချိတ်ဆက်ထားတဲ့ မဏ္ဍပ်တွေကနေပြီးတော့ ကျနော်တို့ကို ဆက်လက်ဖျော်ဖြေခွင့် မပြုတော့ဘူးဆိုပြီးတော့ အကြောင်းကြားလာပါတယ်။ ဖျော်ဖြေခွင့်မပြုဘူးဆိုတဲ့ မဏ္ဍပ် လောလောဆယ် ၃ ခုရှိလာနေပါပြီခင်ဗျ။ ဆက်တိုက် ဝင်လာနေပါတယ်”
ဒေါင်းတို့မျိုးဆက်သံချပ်အသင်းရဲ့ ဖျော်ဖြေတင်ဆက်မှုတွေမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုတွေအပေါ် ထောက်ပြတာတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ထောက်ပြတာတွေအပြင် နိုင်ငံရေးမှာ တပ်မတော်ပါရှိနေတဲ့အပေါ် ဝေဖန်ထောက်ပြတာတွေ ပါဝင်ပါတယ်။
သြင်္ကန်အကြိုနေ့ကနေ အတက်နေ့မနက်ပိုင်းအထိ ဖျော်ဖြေတင်ဆက်ခဲ့မှုပေါင်း အကြိမ် ၂၀ ခန့်ရှိခဲ့ပြီး မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ စတဲ့ မြို့စွန်တွေအပြင် မြို့တွင်းမြို့နယ်တွေမှာပါ ဖျော်ဖြေတင်ဆက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လှိုင်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဒုံ၊ ယုဇနဥယျာဉ်မြို့တော်တို့မှာ ဖျော်ဖြေဖို့ ဖိတ်ကြားထားတာတွေရှိပေမယ့် ဒီနေ့မနက်ကစပြီး ရုပ်သိမ်းကြောင်း အကြောင်းကြားလာတယ်လို့လည်း သိရပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှာ အဖွဲ့ဝင် ၄၀ ကျော်ရှိပြီး သံချပ်ရဲ့ ဖျော်ဖြေမှုတွေကို ပြည်ထဲရေးလက်အောက်က ထောက်လှမ်းရေးအဖွဲ့တွေက လိုက်လံစောင့်ကြည့်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့အသံ အိုးဝေသံ သံချပ်အဖွဲ့က သံချပ်စာသားတွေကို ဆင်ဆာအဖွဲ့ထံ မတင်ထားလို့ဆိုပြီး လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက စင်ပေါ်မှာ ဖျော်ဖြေခွင့်မပြုတဲ့ အခြေအနေတွေလည်း ရှိပါတယ်။