ယုံကြည်ချက် ခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2011.10.21

NLD
ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ရဲ့ ယုံကြည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် ကြဖို့လိုကြောင်း အလေးအနက်ထား ပြောဆို သွားပါတယ်။
“ကျမကတော့ အဓိကထား ပြောချင်တာ ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ် ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါပဲ”
အဲဒီ အခမ်းအနားမှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေ ဖြစ်တဲ့၊ ဦးနိုင်ငွေသိမ်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုံး (ရွှေတောင်)၊ ဦးကျော်စိန် နဲ့ ဦးထွေးမြင့်တို့ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက်ရောက်လာသူတွေက လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ ခဲ့ကြပါတယ်။
ဝါရင့်နိုင်ငံရေး သမားကြီးများကိုယ်စား ဦးနိုင်ငွေသိမ်း နဲ့ သခင်လှကွန်း တို့က ဆုပေးစကား ပြန်လည် ပြောကြား ခဲ့ပါတယ်။
အခမ်းအနား ဒုတိယပိုင်းမှာတော့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒုတိယ ဥက္ကဌ ဦးတင်ဦးက ကြိုဆိုနှုတ်ခွန်းဆက် ခဲ့တယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
“ဦးတင်ဦးက အခုအချိန်မှာ အားလုံး လွတ်မြောက်သင့် နေပါပြီ။ ကျန်တဲ့ လူများကိုလည်း အမြန်ဆုံး ပြန်လွှတ်ဖို့ တောင်းဆိုပါတယ်။ ထောင်ဆိုတာ အလွန့်ကို ဒုက္ခ ဆင်းရဲတွေ ပင်လယ်ဝေတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံအတွက် အများပြည်သူအတွက် စေတနာနဲ့ လုပ်ခဲ့တဲ့ သူတွေကို ဆက်ထားဖို့ မသင့်ပါဘူး။ အမြန်ဆုံး လွတ်မြောက်ချိန် တန်ပါပြီလို့ ပြောပါတယ်”
ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်စား ကိုသူရ ခေါ် ဟာသပညာရှင် ကိုဇာဂနာက ကျေးဇူးတင်စကား ပြန်လည် ပြောကြား သွားပါတယ်။
အခမ်းအနားကို လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ရာကျော်၊ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ မြို့နယ်အသီးသီးက NLD အဖွဲ့ဝင်တွေ အပြင် ပရိသတ် ၁၅၀၀ ခန့် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |