ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲမသမာမှုနဲ့ ဇွန်လ ၃ ရက် ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ စွဲချက်တင်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးစလုံးက သူတို့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က နဲ့ စွဲဆိုခံထားရတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ် စွဲဆိုထားတာပါ။
အမှုနဲ့ ပတ်သက်လို့ နောက်တစ်ပတ်ရုံးချိန်း ဇွန်လ ၁၀ ရက်နေ့မှာ တရားလိုပြသက်သေ သုံးဦးကို ပြန်ခေါ်သက်သေအဖြစ်နဲ့ စစ်ဆေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခု စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြပါတယ်။
အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်း ပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပါတယ်။ လက်ရှိမှာ အမှု ခြောက်မှု အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။