ပုဒ်မ ၅၉ (စ) ကို မပြင်ရင် ပါတီသဘောထားချပြမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2014.01.09

သမ္မတဖြစ်ခွင့် အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)ကို မပြောင်းဘူးဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောထားကို အချိန်တန်တဲ့အခါ အများပြည်သူကို ချပြသွား မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက် ပါတယ်။
ဒီကနေ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲမှာ ပရိတ်သတ်တစ်ဦးက မေးမြန်းစဉ် ဒေါ်အောင်ဆန်း စုကြည် ပြန်လည် ဖြေကြားခဲ့တာပါ။
“နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသမီးတစ်ယောက်ကို ဦးတည်ပြီးတော့ ရေး ဆွဲထားတယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး၊ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှ သိက္ခာကျပါတယ်၊ ဒါကြောင့် ဒီဥစ္စာကို မြန်မြန်ဆန်ဆန် ပြောင်းသင့်တယ်လို့ ကျမကတော့ ယူဆတယ်၊ ၅၉(စ)ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရအောင် ကန့်သတ်ထားပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးရေးဆွဲထားတဲ့ ပုဒ်မဖြစ်တဲ့အတွက် မသင့်တော်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီနေ့ ဟားခါးမြို့မှာ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းတစ်ခုကို မကြာခင်ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားပေးသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေ နိုင်ငံပြန်လှည်ထူထောင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ လူငယ်တွေ ပညာဗဟုသုတရှာဖွေကြဖို့ မူးယစ်ဆေးဝါးမသုံးကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နဲ့ ပရိတ်သတ် မေးမြန်းချက်တွေထဲက တစ်ချို့ကို RFAသတင်းထောက် ကိုမျိုးဇော်ကို ကောက်နှုတ်တင်ပြထားပါတယ်။