အမျိုးသားရင်ကြားစေ့ရေး မထိခိုက်အောင်ဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရှမ်းပြည်နယ်ခရီးစဉ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည် နမ့်စန်လူထုနဲ့ တွေ့ဆုံဟောပြောနေစဉ်
ရှမ်းပြည်နယ်ခရီးစဉ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည် နမ့်စန်လူထုနဲ့ တွေ့ဆုံဟောပြောနေစဉ် (photo: RFA/ Thiha Tun)

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်တဲ့ ဆွေးနွေး ညှိ့နှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ ဘော်လုံးကွင်းမှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်မလား အသစ်ရေးဆွဲမလား လူထုဆန္ဒခံယူပွဲမှာ ဒေသခံတွေရဲ့ မေးခွန်းတွေ ကို ဖြေကြားတဲ့နေရာမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

“ကျမတို့ကတော့ ပထမဦးဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေတဲ့ ဆွေးနွေးညှိနှိုင်းတဲ့ပုံစံမျိုးနဲ့ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲချင်ပါတယ်၊ ကျမတို့ရဲ့ ဒီလိုဆွေးနွေးညှိနှိုင်းတဲ့နည်း နဲ့ မူနဲ့ လုပ်သွားတဲ့ကြိုးပမ်းမှုအနောက်မှာ ပြည်သူလူထုရဲ့ အင်အားဟာ ဒုနဲ့ဒေးနဲ့ရှိတယ်ဆိုလို့ရှိရင် ဒီခရီးဟာ အောင်မြင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီရဲ့ အကြံပြုချက်တွေဟာ ပြောင်းလဲသင့်သလောက် မပါရှိရင် တခြားနည်းလမ်းနဲ့ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နမ့်စန်၊ မိုးနဲနဲ့ လင်းခေးမြို့တွေက မိန့်ခွန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ပညာကြိုးစားသင်ကြဖို့၊ မူးယစ်ဆေးဝါး ရှောင်ကျဉ်ကြဖို့နဲ့ ကျန်းမာရေးလိုက်စားကြဖို့ကိုလည်း မှာကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားခဲ့တာတွေကို RFA အဖွဲ့သား ကိုမျိုးဇော်ကို ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။