အတိုင်ပင်ခံပုဂ္ဂိုလ် ဗီယက်နမ် သွားမည်
2018.04.16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေ ကြားခြင်း မရှိခဲ့ပါဘူး။
ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr Nguyễn Xuân Phúc ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံ APEC ကို ဗီယက်နမ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က သမ္မတ တာဝန်ယူထားတဲ့ ဦးထင်ကျော်ကလည်း ဗီယက်နမ် သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော် ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။