အတိုင်ပင်ခံနဲ့ သမ္မတတို့ အမှုတွေ နောက်ဆုံးအဆင့် ပြင်ဆင်ချက်တင်

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.02.14
အတိုင်ပင်ခံနဲ့ သမ္မတတို့ အမှုတွေ နောက်ဆုံးအဆင့် ပြင်ဆင်ချက်တင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အမှုပြင်ဆင်ချက်တွေ လျှောက်ထားပြီးဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ စစ်တပ်အာဏာစသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးခံထားရပြီး ပုဒ်မ အမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

အဲဒီအမှုတွေထဲက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့နဲ့ ဆက်စပ်တဲ့ အမှု ခြောက်ခုအတွက် တင်ထားတဲ့ အမှုပြင်ဆင်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒီလ ၈ရက်နေ့က နှစ်ဘက် လျှောက်လဲချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါဟာ စစ်တပ်အာဏာစသိမ်းစဉ် သူတို့သုံးဦးကို ဖမ်းဆီးပြီးကတည်းက အစောဆုံး စွဲဆိုထားတဲ့ အမှုတွေဖြစ်ပါတယ်။

အဲဒါတွေကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ နဲ့ နှစ်မှု၊ ဦးဝင်းမြင့်နဲ့ ပူးတွဲပြီး ဒီပုဒ်မနဲ့ပဲ ထပ်စွဲဆိုထားတဲ့ တစ်မှု၊ တရားမဝင်စကားပြောစက်တွေ့လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေနဲ့ နှစ်မှု၊ သူတို့နှစ်ဦးနဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်အပါအဝင် သုံးဦးကို ပူးတွဲစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(ခ) တို့ ဖြစ်ပါတယ်။

ဒီအမှုခြောက်ခုအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာလို့ အမှုနဲ့နီးစပ်တဲ့ တရားရေးအသိုင်းအဝိုင်းက ပြောကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတရားရုံးတွေက ချမှတ်တဲ့ အမိန့်တွေဟာ ဥပဒေတွေနဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံရေးအမှုတွေကို အယူခံမတက်တော့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောကတော့ တရားဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒီအမှုတွေကို နိုင်ငံရေးအမှုတွေအဖြစ် မရှုမြင်ဘဲ စွပ်စွဲခံထားရသူတွေအတွက် ဥပဒေပါအခွင့်အရေးတွေအတိုင်း ကြိုးစားတာသာဖြစ်ပြီး တချိန်မှာ သမိုင်းမှတ်တမ်းအဖြစ် ကျန်ခဲ့ဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ တရားရေးအသိုင်းအဝန်းက ယူဆကြပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်က ကောင်းမွန်တဲ့ရလဒ်ဖြစ်ဖို့ မျှော်လင့်လို့ မရဘူးလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့အမိန့်ကို နောက်ထပ် လုပ်စရာမရှိတော့ဘူး။ နောက်ဆုံးပဲ၊ အရေးပေါ်ကာလအတွင်းမှာ စာချွန်တော်တွေဘာတွေ တက်လို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ရလဒ်တစ်ခု ရမယ်လို့မထင်ပါဘူး။ လုပ်စရာရှိလို့ လုပ်နေတာပဲ။ တချိန်မှာ မှတ်တမ်းအနေနဲ့ ကျန်ဖို့ လုပ်နေတာပဲ။ ပယ်မှာပါပဲ၊ မအောင်မြင်နိုင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုခြောက်ခုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ငါးမှု၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအပါအဝင် စုစုပေါင်း အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ အမှုပေါင်း ရှစ်မှုအတွက် ထောင် ၁၂ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒီအမှုခြောက်ခုအပြင် နောက်ထပ်ကျန်တဲ့အမှုတွေကိုလည်း ဒီလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီ အယူခံတင်ထားပြီးဖြစ်ပါတယ်။

ဒီအမှုတွေအတွက် အပြစ်မရှိဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခွင့်ရှိပေမယ့် စစ်ကောင်စီရဲ့အမိန့်ကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူးလို့ နော်ဝေအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က သုံးသပ်ပါတယ်။

“ဒီအမှုတွေက ကျူးလွန်တာမဟုတ်ဘဲ အမိန့်ချထားတာတွေချည်းပဲ။ တကယ်တမ်း အစစ်အမှန်အတိုင်း အမှုဖြစ်အကြောင်းအရာကို လေ့လာဆုံးဖြတ်မယ်ဆိုရင် ပြစ်ဒဏ်တောင်ပေးသင့်တာမဟုတ်ဘူး။ အခုလိုမျိုး မတရားစွပ်စွဲထားပြီး မဟုတ်မမှန်သက်သေတွေနဲ့ ကြံဖန်ပြီး ပြစ်ဒဏ်ချထားတာကို ဥပဒေအတိုင်း အမှန်အတိုင်းဆုံးဖြတ်နိုင်တဲ့ အခြေအနေမဟုတ်တဲ့အခါမှာ ဘာမှမျှော်လင့်လို့မရပါဘူး။ တရားခံအဖြစ် စွဲဆိုခံရသူတွေရဲ့ အခွင့်အရေးအရ နောက်ဆုံးအကြိမ် ကြိုးပမ်းခြင်းလို့ပဲ မြင်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လုပ်ပိုင်ခွင့်အရဆိုရင် ပြစ်ဒဏ်တွေကို ပြစ်မှုထင်ရှားခြင်းမရှိဘူး၊ သက်သေတွေမထင်ရှားဘူးဆိုပြီး လျှော့ပေါ့ပြီး လွှတ်လိုက်နိုင်တဲ့အခြေအနေမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီလိုမျိုးအခြေအနေက အလွန်မှပင် ခဲယဉ်းတယ်လို့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်အတွင်းမှာ ရှိနေပြီး ဦးဝင်းမြင့်ကတော့ တောင်ငူထောင်ကို ပြောင်းရွှေ့ခံထားရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာဏာသိမ်းစစ်တပ်ကို တစိုက်မတ်မတ် တိုက်တွန်းခဲ့ပေမယ့် နှစ်ရှည်ထောင်ဒဏ်အမိန့်တွေ ဆက်တိုက်ချမှတ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။