သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထပ်ပြီး တရားစွဲခံရ

2021.11.30
သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထပ်ပြီး တရားစွဲခံရ ၂ဝ၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းကို သွားရောက်ခဲ့စဉ်။
File Photo: AFP

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအသစ်တစ်ခုနဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှာ အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။

ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတာဝန်ယူခဲ့စဥ်က ရဟတ်ယာဉ် ငှားမှု၊ ဝယ်ယူမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို သုံးပြီး ဘဏ္ဍာရေး စည်းကမ်းတွေကို မလိုက်နာခဲ့ဘဲ လုပ်ခွင့်ပြုခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ဘဏ္ဍာကို ထိခိုက်ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ထပ်ပြီး တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် တရားစွဲဆိုမှုက ၁၂ ခု အထိ ရှိလာပါပြီ။ အမှုအားလုံးကို တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ်ပေါင်း ၁၂ဝလောက် ကျခံရနိုင်တယ်လို့ နော်ဝေနိုင်ငံရောက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူခဲ့တုန်းက ရခိုင်ဒေသအရေးအပါအဝင် ပြည်တွင်းခရီးစဉ်တွေ သွားလာတဲ့အခါမှာ စစ်တပ်သုံး ရဟတ်ယာဉ်ကို ရဖို့ အကူအညီ တောင်းခဲ့ရကြောင်း၊ ဒီလို စစ်တပ်သုံး ရဟတ်ယာဉ် သုံးခွင့်ရရေး တောင်းခံမှုတွေကြောင့် ခရီးစဉ်ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် လိုအပ်မှုအရ ရဟတ်ယာဉ်ဝယ်ယူရေးကို စီစဉ်ခဲ့ရတာလို့ ရှေ့နေဦး မင်းလွင်ဦးကဆိုပါတယ်။

အခု အဲ့ဒီရဟတ်ယာဉ်ဝယ်ယူမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားတယ်ဆိုပြီး စွဲချက်ထပ်တင်တာကတော့ တရားလွန်တယ်လို့လည်း ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ကောင်းဆက်ဟိန်း
2021-12-01 23:06

မင်္ဂလာပါ RFA ခင်မျာ။ သိချင်တာလေး ရှိလို့မေးခွင့်ပြုပါ ခင်မျာ။ နိုင်ငံတော်အတိုင်ပင်ခံကို စွဲဆိုထားတဲ့ အမှုတေွက ကျွန်တော် အမှတ်ထားတာ ၁၁ မှုပဲ ရှိနေလို့ပါ။ အဲတာကြောင့် အဆင်ပြေမယ်ဆိုလျင် အမှု ၁၂ မှု စာရင်းလေး များ သိခွင့် ရနိုင်မလားခင်မျာ?