အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ခြေမအရိုးအဆစ် နာကျင်နေတာကြောင့် ဒီကနေ့မနက်ပိုင်းက အာရှတော်ဝင်ဆေးရုံမှာ ခွဲစိတ်ကုသခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
အဲဒီ် ခွဲစိတ်ကုသမှုနဲ့ ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်း က ဒီနေ့မနက်က အာရှတော်ဝင်ဆေးရုံမှာ အခုလို ပြော ပါတယ်။
"ခွဲစိတ်ကုသမှုက မနက် ၇ နာရီခွဲမှာစတယ်၊ ၉ နာရီမှာပြီးတယ်၊ အားလုံးကောင်းပါတယ်၊ အဓိကခွဲတဲ့အကြောင်းအရင်းက ခြေမကအထဲကို နည်းနည်းလေးယိုင်တော့ ဒီအဆစ်က အရမ်းနာတယ်၊ အဓိကက နာတဲ့အတွက် ဘိနပ်စီးတဲ့နေရာ၊ နောက်ခရီးသွားတဲ့နေရာ မှာ တော်တော်လေးကို အခက်အခဲရှိတယ်၊ သိတဲ့အတိုင်းပဲ ခရီးအများကြီးသွားရတဲ့အခါ ကျတော့၊ အဲဒါအသေးစား ခွဲစိတ်မှုဖြစ်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလဟာလတွေ ထွက်ပေါ်လာမှာစိုးတဲ့အတွက် အခုလို သတင်းထောက်တွေကို တရားဝင်ရှင်းပြရတာဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
ဒီခွဲစိတ်ကုသမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ရက်နီးပါးလောက် အနားယူရမှာဖြစ်ပါတယ်။