ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ အမှုတချို့ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
(Updated 1:56 PM Aug 01, 2023)
အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက တချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁ ရက် ဒီနေ့ ကြေညာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ အမှုတချို့ကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၁၉ မှုထဲက ရာဇဝတ်ကြီးအမှုအမှတ် ၃၅၊ ၃၇၊ ၇၁၊ ၃၈၊ ၄၅ အမှုငါးမှုအတွက် ကျခံဖို့ကျန်နေတဲ့ ပြစ်ဒဏ်တွေကိုသာ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာပါ။
ဦးဝင်းမြင့်ရဲ့ အမှုရှစ်မှုထဲက အမှုအမှတ် ၃၅ နဲ့ ၃၆ နှစ်မှုအတွက်ကိုပဲ ကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာပါ။
ဒါကြောင့် ကျန်အမှုတွေအတွက် ထောင်ဒဏ်တွေကိုတော့ ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။
သမ္မတဦးဝင်းမြင့်ကတော့ အခုလွတ်ငြိမ်းသက်သာခွင့်မတိုင်ခင် အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အမှုတွေက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့စွဲထားတဲ့ အမှုနှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြစ်ပါတယ်။
ဒီအမှုငါးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ထားတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဖို့ ရှိပါတယ်။
သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အမှုတွေကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုတို့ ဖြစ်ပါတယ်။
ဒီအမှုနှစ်မှုအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ထားတာကြောင့် သမ္မတဦးဝင်းမြင့်ဟာ ထောင်ဒဏ်ရှစ်နှစ် ဆက်ပြီးကျခံရဖို့ ရှိပါတယ်။
ဝါဆိုလပြည့် ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။