စွပ်စွဲခံ အဂတိငါးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အပြီးသတ် အမိန့်ချတော့မည်

RFA Burmese
2022.12.26
စွပ်စွဲခံ အဂတိငါးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အပြီးသတ် အမိန့်ချတော့မည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Ye Aung Thu / AFP

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ အမှုငါးခုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဒီဇင်ဘာလ ၃၀ ရက် ယခုတစ်ပတ် သောကြာနေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီအမှုတွေအတွက် ဒီဇင်ဘာ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲ ချက် ပေးခဲ့ပြီး ဒီဇင်ဘာလ ၃၀ ရက်မှာ အမိန့်ချဖို့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး က ဆုံးဖြတ်ခဲ့တာပါ။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ ကိစ္စရပ် တွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

စွဲဆိုထားတဲ့ အမှုငါးမှုမှာ သုံးမှုက ရဟတ်ယာဉ်ငှားရမ်းတဲ့အမှုတွေနဲ့ သက်ဆိုင်ပြီး တစ်မှုက ရဟတ်ယာဉ်ဝယ်ယူတာနဲ့ သက်ဆိုင်ပါတယ်။ နောက်တစ်မှုကတော့ ရဟတ်ယာဉ် ပြုပြင် ထိန်းသိမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်ပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုပါ ပူးတွဲစွဲဆို ထားတာပါ။

သူတို့နှစ်ဦးလုံးကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ခဲ့ပြီး အပြစ်မရှိကြောင်း ကိုယ်တိုင် ထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမှု ၁၉ မှုနဲ့ တရားစွဲခံရပြီး အဲဒီထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ အမှုရှစ်မှုနဲ့ တရားရင်ဆိုင်ခဲ့ရပြီး အဲဒီအထဲက သုံးမှုအတွက် ထောင်ငါးနှစ် ချမှတ်ခံထားရပါတယ်။

အခုအမိန့်ချမယ့်အမှုတွေက သူတို့နှစ်ဦးလုံးကို စွဲဆိုထားတဲ့ နောက်ဆုံးလက်ကျန်အမှုတွေ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။