ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်နဲ့ ၁နာရီကျော်ကြာတွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတအိမ်တော် မှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

2011.08.19
dassk-thein-sein ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
MRTV

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစလို့ (၃) ရက်ကြာ ကျင်းပမယ့် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနာရီကြာလောက် တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။

“သမ္မတ အိမ်တော်မှာ တွေ့ပါတယ်။ သမ္မတ နဲ့ အမနဲ့ ၄ နာရီကနေ ၅ နာရီအထိပေါ့။ နှစ်ယောက်ထဲ တွေ့တာပါ။ နောက်တော့ ကျနော်တို့ပါ ပါတယ်။ ၁၅ မီးနစ်လောက် အလ္လာပသလ္လာပ မိသားစုကိစ္စ ပြောကြ တာပါ။ အဲဒါပြီးတော့ ပြန်လာ ပါတယ်”

ဒီကနေ့ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု မရှိကြောင်း၊ မနက်ဖြန်မှာ ဆက်လက် ကျင်းပမယ့် ဒုတိယမြောက် နေ့ကို တက်ရောက်ဖွယ် ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။

“ဒီနေ့တော့ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မတွေ့ သေးဘူး။ မနက်ဖြန် တက်မလား မသိဘူး။ ဒီမှာတော့ တိုင်းပြည်ရဲ့ မိုက်ခရို စီးပွားရေးနဲ့ ပတ်သက်တာကို ရှုထောင့် ပေါင်းစုံက တင်ပြကြတယ်။ လိုအပ်ချက်တွေ ဖော်ထုတ်မယ်။ အများကြီး အကျိုးရှိ မှာပါ။ အခြေအနေ မှန်တွေကို ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေး နိုင်ကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြည်ပက ဆရာ ကျော်ရင်လှိုင်တို့ ဒေါက်တာ ဇော်ဦးတို့ တွေ့ပါတယ်”

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အခုလို ပထမဆုံး အကြိမ် တွေ့ဆုံ နိုင်တာဟာ အပြန်အလှန် နားလည်မှု တိုးတက်ရေး အတွက် အထူး အရေးကြီး တာကြောင့် ကြိုဆိုကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“ဦးသိန်းစိန်နဲ့ တွေ့လိုက်ခြင်း အားဖြင့် ထူးခြားမှုတွေ ရှိတယ်လို့ ကျနော်တို့ ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အဆင့်ဆင့် ဆက်လက် ပြီးတော့လည်း ဆောင်ရွက်စရာတွေ ရှိသေးတယ်။ အဲသလို ဆောင်ရွက်တဲ့ အခါမှာ အခု ဦးသိန်းစိန်နဲ့ တွေ့ဆုံခြင်းဟာ တဆင့် တိုးပြီးတော့ အရေးကြီးတဲ့ ကိစ္စများ ဖြစ်ထွန်းရေး အတွက်ကို ထိရောက်မှု မရှိသေးဘူး ဆိုရင်တောင်မှ နောင် ဆက်လက်ပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေ အတွက် အများကြီး အကျိုးရှိ သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို့တွေ့တာဟာ နှစ်ဦး နှစ်ဘက် နားလည်မှု တိုးတက် လာတယ်လို့ ယူဆလို့ ရပါတယ်။ ဒါဟာ အရေးကြီး ပါတယ်”

အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပြောသွားတာပါ။ နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထားကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ လိုက်ပါ သွားခဲ့သူ ဦးခွန်သာမြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

နေပြည်တော်မှာ (၃) ရက်ကြာကျင်းပနေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-31 01:16

အောင်မြင်ပါစေ

Anonymous
2011-08-23 08:03

Improve policy.