နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တွေ့ဆုံပွဲကို စီစဉ်ခဲ့သူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင်ခရိုင်က ခရိုင်မှူးအပါအဝင် အရာရှိ ၂၃ ယောက်ကို ထိုင်းဝန်ကြီးချုပ်အမိန့်နဲ့ ရာထူးကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဘာကြောင့်ရာထူးကနေ ယာယီရပ်ဆိုင်းတယ်ဆိုတာကို မသိရှိရပေမယ့် မဟာချိုင်တေ့ွဆုံပွဲနဲ့ ပတ်သက်မှုရှိနိုင် တယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးကော်မတီဝင် ဦးမင်းဦးက ပြောပါတယ်။
"ဟုတ်တယ်ဗျာ၊ ပြီးတော့ တော်တော်များများကို နယ်တွေပြောင်းလိုက်တယ်၊ ကျနော်ကတော့မြင် တာတော့လေဝန်ကြီးချုပ်ကလည်းသူအနေနဲ့ ဒါလုပ်ပြတာပေါ့ဗျာ၊ ဘာလို့လည်းဆိုတော့ အများကြီးက ဝိုင်းပြောတာကိုး၊ အလုပ်သမားတွေရော၊ အဖွဲ့အစည်းတွေရော၊ ရှင်းရှင်းပြောရရင် အဲ့နေ့က ဖြစ်ရပ် ကတော့ ၈၀ ရာခိုင်နှုန်းလောက်ကိုပါတယ်၊ ဝန်ကြီးချုပ်အနေနဲ့ နှစ်နိုင်ငံထိပ်သီးပိုင်းဆိုင် ရာခေါင်းဆောင်တွေ တွေ့တဲ့အချိန်မှာ ဒေါ်စုတို့ဒီဆိုင်ရာ အရာရှိ နိုင်ငံခေါင်းဆောင်တွေ မြင်သွားတဲ့ ဟာကို သူတို့ဖက်ကလိုအပ်ချက်ကို သူတို့ဖက်ကအပြစ်ကိုပေါ့ဗျာ၊ တာဝန်ရှိတဲ့ကောင်ကိုအရေးယူပေးတာ၊ သူတို့ဖက်ကတိတိကျကျလုပ်တယ်ပေါ့ဗျာ"
မနေ့က အမိန့်ထုတ်ပြန်ပြီး တာဝန်တွေကနေ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ရာထူးကနေ ယာယီဖယ်ရှားခံထားရသူတွေထဲမှာ မဟာချိုင်ခရိုင်မှူးအပြင် ခရိုင်ဒုတိယ ဥပဒေ အရာရှိချုပ်၊ ခရိုင်အလုပ်သမား ဦးစီးမှူးနဲ့ ရဲမှူးတို့လည်း ပါဝင်ပါတယ်။ အဲ့ဒီအရာရှိ ၂၃ ယောက်ကို တစ်လအတွင်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးသွားမှာဖြစ်ပြီး တာဝန်လစ်ဟင်းတာ၊ အဂတိလိုက်စားတာတွေရှိကြောင်း စစ်ဆေးပေါ်ပေါက်ရင် အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်ကြေငြာစာမှာ ပါဝင်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာနိုင်ငံ သားအလုပ်သမားတွေ တွေ့ဆုံနိုင်ဖို့ ထိုင်းအစိုးရက စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှ တွေ့ခွင့်ရသူ အလုပ်သမား ၅ဝဝ လောက်ကိုသာ ခန်းမအပေါ်ထပ်ကို ဝင်ခွင့်ပြုခဲ့ပြီး သောင်းဂဏန်းရှိမယ့် ကျန်တဲ့အလုပ်သမားတွေဟာ မိုးရေထဲမှာ စောင့်ခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီအလုပ်သမားတွေကို စကားပြောမယ်လို့ ကြေညာခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး။
ဝင်ခွင့်မရတဲ့ အလုပ်သမားအများစုက အဲဒီနေ့ မနက်ကတည်းက မဟာချိုင်အပြင် တခြားမြို့တွေက လာကြတာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည် ယဉ်တန်းလာချိန်မှာ လမ်းဘေးမှာ တန်းစီပြီး စောင့်ဆိုင်းခဲ့ကြတာပါ။ နေ့ခင်းပိုင်းမှာ စက်ရုံတွေက စီစဉ်တဲ့ အလုပ်သမားကားတွေကိုလည်း ဝင်ခွင့်မပေးပဲ ဝင်ရင်အားလုံးဝင်မယ် မဝင်ရဘူးဆိုရင် ဘယ်သူမှမဝင်ရဘူးဆိုပြီး တားမြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီးမကြာမီ အလုပ်သမားတွေက လုံခြုံရေးအတားအဆီးတွေကို ဖယ်ရှားပြီး ခန်းမရှေ့မှာ စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။