NLD အစိုးရဖွဲ့နိုင်ရင် ပုဒ်မ ၅၉ (စ)ကို ပြင်နိုင်မယ် ယုံကြည်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော


2015.10.03
dassk-moekaung-620.JPG အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမြို့ NLD ရုံးရှေ့မှာ အောက်တိုဘာ ၃ ရက်နေ့က မဲဆွယ်စည်းရုံးဟောပြောနေစဉ်
Photo: Kyaw Myo Min/RFA

လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် သူမကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အားကစားကွင်းမှာ ဒီကနေ့မနက် ၁၂ နာရီခန့်က ကျင်းပတဲ့ မဲဆွယ်လူထုဟောပြောပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

"တကယ်လို့ ကျမတို့အပြတ်အသတ်နိုင်မယ် ပြည်သူလူထုက ကျမတို့ရဲ့နောက်မှာ တောင့်တောင့်တင်းတင်း ညီညီညွတ်ညွတ်ရှိတယ်ဆိုတာ ထင်ရှားလို့ရှိရင် ကျမတို့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ဒီပုဒ်မ ကိုပြင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်၊ နောက်တစ်ခုက ဒီပုဒ်မကိုချက်ချင်း ကျမတို့ ပြည်သူလူထုလိုလားသလို ချက်ချင်းလက်ငင်းမပြင်နိုင်ရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် ကျမတို့ဦးဆောင် ပြီးတော့ ပြင်သွားမယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါရစေ"

ကချင်ပြည်နယ်ကို စည်းရုံးရေးခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက် မြစ်ကြီးနားကနေ နမ္မတီးကို ရောက်ရှိပြီးနောက် ဆယ့်ငါးမိနစ်ခန့် လူထုကိုဟောပြောခဲ့ပါတယ်။

အဲ့ဒီနောက် နမ္မတီးကနေ မိုးကောင်းမြို့ကို ရောက်ရှိပြီး နေ့လယ်ပိုင်းမှာ မိုးညှင်းမြို့ကို ဆက်လက်ထွက်ခွာ သွားပါတယ်။ မိုးညှင်းမှာ မနက်ဖြန်မနက် ဟောပြောပြီး အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာကို သွားရောက်မှာဖြစ်ပါတယ်။ မနက်ဖြန်ညမှာတော့ မြစ်ကြီးနားမြို့ကို ပြန်လည်ရောက်ရှိပြီး နောက်တစ်နေ့မှာ ဗန်းမော်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။