မြန်မာပြည်ကို ကိုယ်ပိုင်ပုံစံနဲ့ ထူထောင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာမှာ စင်္ကာပူလိုဖြစ်အောင် ဆောင်ရွက်မှာမဟုတ်ဘဲ မြန်မာပြည်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့သာ တိုးတက်အောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnanနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ရဲ့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား ခဲ့တာဖြစ်ပါတယ်။

"စင်္ကာပူလိုဖြစ်အောင်တော့မလုပ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီနိုင်ငံဟာ ဒီနိုင်ငံရဲ့ပုံစံနဲ့ပဲ ဖွံ့ဖြိုးတိုးတက် ရမယ်၊ ဒါပေမဲ့ စင်္ကာပူရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို မှီအောင်လုပ်မယ်ဆိုတာ ဒီနိုင်ငံပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စင်္ကာပူက သူ့နိုင်ငံပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်မှုကတော့ ကြီးမားနိုင်တယ်၊ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သဘောပါပဲ"

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Mr. Vivian က မြန်မာနိုင်ငံကတော့ အင်မတန်ကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်သလို သယံဇာတ ပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ စင်္ကာပူဆိုတာ သေးငယ်လွန်းတဲ့ မြို့ပြနိုင်ငံ တစ်ခုသာဖြစ်ပါတယ်။ တိုးတက်ဖို့အတွက် အလားအလာကောင်းတွေရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်လို့ ပြောကြား ခဲ့ပါတယ်။

အမေရိကန်အစိုးရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြင်ဆင်သက်တမ်းတိုးလိုက်တာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့အရေးယူမှုအတွက် စိုးရိမ်မှုမရှိကြောင်း ၊ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့မှုဟာ အချိန်တစ်ခုအထိသာ ရှိနေတာဖြစ်ကြောင်း ပြော ပါတယ်။ ဒါ့အပြင် အမေရိကန် အစိုးရဟာ စင်္ကာပူလိုပဲ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ မိတ်ဆွေဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။