ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို အကျိုးပြုမယ့် သူတွေ ရွေးချယ်ကြဖို့ပြော
2013.03.09

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ညီလာခံဟာ တစ်ဦးတစ်ယောက်နေရာရရေး၊ ဆွေမျိုးအသိုင်း အဝိုင်း နေရာရရေးအတွက် မဟုတ်ပဲ ကိုယ့်နိုင်ငံ နဲ့ ပြည်သူအတွက် အကျိုးပြုရေးကိုသာ စဉ်းစားကြပြီး ခေါင်းဆောင်တွေကို ရွေးချယ်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ မတ်လ ၉ ရက်နေ့ ဒုတိယမြောက်နေ့အဖြစ်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာဖြစ် ပါတယ်။
“ဒီညီလာခံဟာ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနေရာရရေးအတွက် လုပ်တာမဟုတ်ဘူး၊ ကိုကိုယ်တိုင်နေရာရရေးအတွက်လည်း မဟုတ်ဘူး၊ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံကို အကျိုးပြုနိုင်တဲ့ အဖွဲ့အစည်းကြီးဖြစ်ရေးအတွက်ဆိုတာ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးတော့ ရွေးချယ်ပါ”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ ခေါင်းဆောင်မှုမျိုး၊ နိုင်ငံနဲ့လျော်ညီတဲ့ ခေါင်းဆောင်မှုမျိုး၊ ကိုယ့်အဖွဲ့အစည်းနဲ့ သင့်တော်တဲ့ ခေါင်းဆောင်မှုမျိုးကို ဦးဆောင်နိုင်မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နောင်အနာဂတ်မှာ တိုင်းပြည်ကိုအကျိုးပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
NLD ရဲ့ ပထမဆုံးကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံမှာ နေရာလုနေတဲ့ ကိစ္စတစ်ချို့ ရှိနေတာကိုလည်း ဝန်ခံကြောင်း၊ ဒီအခြေအနေတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောက်ရွက်သွားဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒုတိယမြောက်နေ့မှာတော့ ဗဟိုကော်မတီဝင် ၁၂၀ နဲ့ အရန်ကော်မတီဝင် ၃၀ ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ညီလာခံကို တက်ရောက်လာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးကလည်း နိုင်ငံရေးပါတီအားလုံးဟာ တိုင်းပြည်အတွက် လုပ်ဖော်ကိုင်ဖက်တွေအဖြစ် သဘောထားကြောင်း သတင်းဌာနတွေကို ပြောခဲ့ပါတယ်။
ဒီကနေ့ ညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ညီလာခံကိုယ်စားလှယ် ၈၀၀ ကျော်နဲ့ နိုင်ငံတကာ သံရုံးတာဝန်ရှိသူတွေ၊ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။
အခုကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံဟာ နှစ်ပေါင်း ၂၅ နှစ်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နှုတ်ချက်အချို့ကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။