ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တားနဲလ်နဲ့ ဝန်ကြီးသုံးဦး ထောင်သုံးနှစ်စီချခံရ
ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်က အမှုပေါင်း ၁၁ မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတာကြောင့် ဒီအမှုရဲ့ ထောင်ဒဏ်သုံးနှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
- 2022-09-29
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်၊ သူနဲ့ အတူ ပူးတွဲစွဲဆို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ လက်ထက် ဝန်ကြီးသုံးဦး စုစုပေါင်းငါးဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုအတွက် စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ ထောင်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ သူနဲ့ အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆို ခဲ့တာပါ။
အခုလို ထောင်ဒဏ်တွေချမှတ်တာက တရားမဝင်သလို စစ်ကောင်စီဟာ သူတို့ အာဏာ ဆက်လက်တည်မြဲရေး အတွက် ရည်ရွယ်လုပ်ဆောင်နေတာလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့နော် ဒီအဖွဲ့တွေအားလုံးကို အခုလိုမျိုး ထောင်ဒဏ် ချမှတ်တယ်ဆိုတာက အကြမ်းဖက် စစ်ကောင်စီရဲ့ ရပ်တည်ချက်အတွက် ကို သူတို့ခိုင်မာအောင် သူတို့လုပ်ချင်တဲ့အတွက် အကြောက်တရား ပြည်သူကိုပေးခြင်း သာ ဖြစ်တယ်။ ဒီလိုပုဒ်မတွေနဲ့ အခုလို ချတယ်ဆိုတာက တကယ်တမ်း ပြောမယ်ဆိုရင် စီးပွားရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ ပြီးခဲ့တဲ့ငါးနှစ်မှာ ရလဒ်က နိုင်ငံအတွက် အရမ်း ကို ကောင်းခဲ့တဲ့ဟာကို မနာလို မရှုဆိတ်တဲ့စိတ် နဲ့ အခုလိုတစ်ဖွဲ့လုံးကြီးကို လီဆယ်ပြီး တော့ လုပ်ကြံပြီးတော့ မဟုတ်မဟတ်တွေ စွပ်စွဲပြီးတော့ ထောင်ချလိုက်တာဖြစ်တယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အမှုပေါင်း ၁၁ မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရတာကြောင့် ဒီအမှုနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ရှိပြီဖြစ်ပြီး နောက်ထပ် အမှု ခုနစ်မှုကိုလည်း ဆက်လက် တရားရင်ဆိုင်နေရပါတယ်။
"မနာလို မရှုဆိတ်တဲ့စိတ်နဲ့ အခုလိုတစ်ဖွဲ့လုံးကြီးကို လီဆယ်ပြီးတော့ လုပ်ကြံပြီးတော့ မဟုတ်မဟတ်တွေ စွပ်စွဲပြီးတော့ ထောင်ချလိုက်တာဖြစ်တယ်”
မစ္စတာ ရှောင်တားနဲလ်ကတော့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် ဒီနေ့ရုံးချိန်းမှာပဲ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ပါ နောက်ထပ် သုံးနှစ်ချမှတ် ခံရပေမယ့် နှစ်မှု တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချခဲ့တာကြောင့် စုစုပေါင်း ထောင်သုံးနှစ် ကျခံရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ရုံးထုတ်စစ်ဆေးမှုမှာ မစ္စတာ ရှောင်တားနဲလ်က သူ့အပေါ် စွဲဆိုထားချက် အားလုံးကို ငြင်းဆိုခဲ့ပြီး အပြစ်မရှိကြောင်း ထုချေထားပါတယ်။
စစ်ကောင်စီတရားရုံးက မစ္စတာရှောင်တားနဲလ်အပေါ် အခုလို ပြစ်ဒဏ်ချမှတ်တာကို သြစတြေးလျအစိုးရအနေနဲ့ ကန့်ကွက်ကြောင်းနဲ့ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတယ်လို့ သြစတြေးလျအစိုးရက ဒီနေ့မှာပဲ သတင်း ထုတ်ပြန်ပါတယ်။
သူဟာ မတရားဖမ်းဆီးခံရတာ ဖြစ်သလို တရားခွင်မှာ ကြားနာစစ်ဆေးမှုကို နားထောင်ဖို့ သြစတြေးလျ သံတမန်တွေရဲ့ ကြိုးပမ်းမှုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာရှောင်တားနဲလ်ဟာ မတရားသဖြင့် ဖမ်းဆီးခံရတာဖြစ်လို့ မိသားစုတွေရှိရာ သြစတြေးလျကို ပြန်လာနိုင်ဖို့ လုပ်နိုင်သမျှအကုန်လုံး ဆက်လက်လုပ်ဆောင်မယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က သြစတြေးလျသတင်းစာ The Canberra Tims ကို ဒီကနေ့ ပြောထားပါတယ်။
မစ္စတာရှောင်တားနဲလ်ဟာ NLD အစိုးရ တရားဝင်ခန့်ထားတဲ့ စီးပွားရေးပညာရှင်ဖြစ်လို့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေနဲ့ အရေးယူ ထောင်ချတာက ဥပဒေနဲ့မညီဘူးလို့ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က RFA ကို ပြောပါတယ်။
“နိုင်ငံတော်ရဲ့သမ္မတပြီးရင် အမြင့်ဆုံးပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ၊ အဲဒီလူတွေကနေပြီး တော့ နိုင်ငံတော်အတွက် လုပ်တဲ့ဥစ္စာကို။ အဲဒီပုဂ္ဂိုလ် (မစ္စတာရှောင်တားနဲလ်)ကလည်း တရားဝင်ငှားရမ်းပြီးတော့ နိုင်ငံတော်က လစာပေးပြီး လုပ်နေတဲ့ပုဂ္ဂိုလ်။ တရားဝင် ပုဂ္ဂိုလ် ခိုးချောင်ခိုးဝှက်လာလုပ်တာမဟုတ်ဘူး။ အဲဒီလို နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ လူတွေက ဘယ်လိုလုပ်ပြီးတော့ လျှို့ဝှက်ချက်ဥပဒေဖောက်ဖျက်မှာလဲ။ နိုင်ငံတော် အတွက် လုပ်တာလေ။ ဒါကြောင့် အဲဒါက လျှို့ဝှက်ချက် မမြောက်ဘူး။ သတင်းဌာန တွေကို ဖြန့်ပစ်တာတို့၊ ကိုယ်ကျိုးစီးပွားအတွက် သုံးတာဆိုရင်တော့ တစ်မျိုးပေါ့။ တမင်အကွက်ဆင်ပြီးတော့ လက်စားချေတာပဲဖြစ်တယ်။ ဥပဒေနဲ့မညီဘူးလို့ ကျနော်က တိတိကျကျ သေသေချာချာ ပြောပါတယ်ဗျာ”
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကလည်း သြဂုတ်လ ၁၇ ရက်နေ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံချိန် မစ္စတာ ရှောင်တားနဲလ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌက မစ္စတာရှောင်တားနဲလ်ကိစ္စမှာ ဩစတြေးလျအစိုးရ အနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ရင်တော့ တင်းတင်းမာမာ ဆောင်ရွက်ရမယ့် အခြေအနေ မရှိဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မစ္စတာ ရှောင်တားနဲလ်တို့ကို ဒီနေ့ထောင်ချလိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို ထောင်တွေချနေတာက စစ်ကောင်စီ အာဏာတည်မြဲဖို့နဲ့ NLD ခေါင်းဆောင်တွေကို နိုင်ငံရေးစင်မြင့်က အပြီးဖယ်ရှားဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အဖွဲ့တစ်ဖွဲ့လုံးကို နိုင်ငံရေးစင်မြင့်ပေါ်ကနေ ဆွဲချဖို့။ တရားဥပဒေ ဘောင်အတွင်းမှာ သူတို့အနေနဲ့ နိုင်ငံရေးလှုပ်ရှားခွင့်တွေကို ရုပ်သိမ်းပစ်ဖို့အတွက် နောက်ဆုံးမှာ ထောင်ထဲမှာ နှစ်ရှည်ပိတ်လှောင်ထားပြီးတော့ ဘဝကို အဆုံးသတ်သွားစေဖို့အတွက် ရည်ရွယ်ပြီးတော့ အဲဒီလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့် အမှုမရှိ အမှုရှာပြီးတော့ အခု ဖမ်းဆီးတရားစွဲပြီး တော့ တရားမမျှတတဲ့ ဆုံးဖြတ်ချက်တွေ ချနေတာဖြစ်ပါတယ်”
ဒါပေမဲ့ မစ္စတာရှောင်တားနဲလ်ကတော့ သြစတြေးလျရဲ့ မေတ္တာရပ်ခံချက်နဲ့ နိုင်ငံတကာ ဖိအားတွေ လျော့ပါးစေဖို့ သြစတြေးလျနိုင်ငံဆီ ပြန်ပို့နိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ် ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အာရှဒါရိုက်တာ Elaine Pearson ကလည်း မစ္စတာရှောင်တားနဲလ်ဟာ ဥပဒေဆိုင်ရာ အကြံပေးမှုတွေမရရှိခဲ့ဘဲ စစ်ကောင်စီရဲ့ တံခါးပိတ်တရားရုံးမှာ တရားရင်ဆိုင်ပြီး နိုင်ငံရေးအရ ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်သလို ဒါဟာ မတရားတဲ့ တရားစီရင်ချက် ဖြစ်ကြောင်း၊ ဒါကြောင့် သူအမြန်ဆုံး ပြန်လွတ်ပြီး အိမ်ပြန်နိုင်ဖို့အတွက် သြစတြေးလျအစိုးရအနေနဲ့ စစ်ကောင်စီကို လိုအပ်တဲ့ ဖိအားပေးမှု တွေ အဆင့်အဆင့် ဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့ စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ ဗြိတိန်သတင်းစာThe Guardian ကို ပြောထားပါတယ်။
မစ္စတာ ရှောင်တားနဲလ်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား (Macquarie) တက္ကသိုလ်၊ မြန်မာ ဖွံ့ဖြိုးရေးအင်စတီကျူမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အဲဒီတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးအဖြစ် ဩစတြေးလျ Reserve Bank (Reserve Bank of Australia) မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကစိတ်ဝင်စားသူဖြစ်တာကြောင့် ၂၀၀၀ ပြည့်နှစ်ကစပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
မစ္စတာရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး ထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။