အခြေခံဥပဒေပြင်မှ ဒီမိုကရေစီနိုင်ငံဖြစ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2013.11.28
dassk-tony-abbott-305.jpg သြစတြေးလျနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott တို့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကင်ဘာရာမြို့မှာ တွေ့ဆုံစဉ်
photo: Internet

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းစစ်စစ် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott  တို့ ဒီကနေ့ ကင်ဘာရာမြို့မှာ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အခုမှစတင်လျှောက်လှမ်းကာစဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေကိုမပြင်ရင် ကျမတို့ဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ နေထိုင်နိုင်ဖို့အခွင့်အရေး ဘယ်တော့မှရနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားတာပါ။

ဝန်ကြီးချုပ် Tony Abbott ကလည်း  မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ပေါ်ဖို့ မိမိတို့အနေနဲ့ ယုံကြည်မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

၅ ရက်တာခရီးစဉ်အဖြစ် သြစတြေးလျကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ခရီးစဉ်ပထမနေ့မှာ ဆစ်ဒနီတက္ကသိုလ် ၂ ခုက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဆုလက်ခံယူ ခဲ့သလို ဆစ်ဒနီရောက်မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းကလည်း ဆစ်ဒနီမြို့က Lowy Institute လို့ခေါ်တဲ့  ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေက ပညာရှင်တွေပါဝင်တဲ့ သိပ္ပံကျောင်းမှာကျင်းပတဲ့ နိုင်ငံတကာရေးရာ မူဝါဒဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။