ကြောက်ရွံ့ခြင်းမှ လွတ် ကင်းရေး ဒေါ်အောင်ဆန်းစု ကြည် ပြော
2015.08.30

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ ခြိမ်းခြောက်မှုတွေ ကို စိုးရိမ်ကြောက်လန့်ခြင်း မရှိဘဲ လာမယ့်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား မဲသွားပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။
နေပြည်တော်မှာရှိတဲ့ မဲဆန္ဒနယ်တွေကို မနေ့က လှည့်လည်သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ မိမိ ဘယ်ပါတီ မဲပေးသလဲဆိုတာကို ဘယ်သူမှ မသိနိုင်တဲ့အတွက် ကြောက်ရွံ့စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံတွေက ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို အစိုးရက အသိအမှတ်မပြုပဲ ဥပက္ခာပြုတာမျိုး ဖြစ်ပေါ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုအချိန်မှာ ကြိုတင် စိုးရိမ်ဖို့ မလိုဘူး လို့ ပြောကြားခဲ့ပါတယ်။
"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ ပါတီဘက်က ရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ပဲ အရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလဒ်ကို မလေးစားတဲ့ သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တကမ္ဘာလုံးကကြည့်နေပါတယ်၊ တကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ ရှိတယ်နော်"
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ် တွေက နေရာ ၅ နေရာ မှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြော ပွဲတွေပြုလုပ်ခဲ့ပါတယ်။ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ကို မနေ့က ရောက်ရှိစဉ် လူ ၂ဝ ခန့်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကို ဒေါ်အောင်ဆန်းစု ကြည် ထောက်ခံအားပေးတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းမှာတော့ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်နေကြတယ်လို့ AP သတင်း မှာဖေါ်ပြထားပါတယ်။