ဝန်ထမ်းတွေသတ္တိရှိဖို့ ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း
2015.09.27

အန်အယ်လ်ဒီကို မဲပေးရင် ဝန်ထမ်းတွေ ရာထူးမတက်တော့ဘူးဆိုပြီး ဌာနဆိုင်ရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရကြောင်းနဲ့ လျှို့ဝှက်မဲဖြစ်တာကြောင့် ဘယ်ပါတီကိုပေးတယ်ဆိုတာ မသိနိုင်ကြောင်း ဒါကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ သတ္တိရှိကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ဒီကနေ့မနက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ရာမှာ အဲ့ဒီနယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက မဲပေးတာနဲ့ပတ်သက်ပြီး မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နယ်မြေပြောင်းနေရတာကြောင့် မိမိတို့မဲဆန္ဒရှင်စာရင်း ထပ်မနေအောင် လည်း သတိထားကြဖို့ ပြောပါတယ်။
"ဟုမ္မလင်းမှာလည်း ဝန်ထမ်းတွေ တော်တော်များတယ်ပြောတယ်၊ ကျမကြားရသလောက်က ဌာနဆိုင်ရာတော်တော်များများမှာဆိုရင် အကြီးအကဲတွေက ဝမ်ထမ်းတွေကို ခြိမ်းခြောက်တာတွေရှိတယ် လို့ ပြောပါတယ်၊ NLD ကို မဲပေးလိုက်လို့ရှိရင်ပဲ ရာထူးမတက်တော့သလို ဘာလိုလိုပေါ့နော်၊ ဒါမှမဟုတ် တခြားပါတီကိုမဲပေးရမယ် မဲမပေးလို့ရှိရင် တနည်းနည်းနဲ့ အရေးယူမယ်ဆိုတဲ့ပုံစံတွေ ဒါအလကား သက်သက် ခြောက်နေတာပါ၊ မကြောက်ပါနဲ့ ကိုယ့်ဘယ်သူ့ကို မဲထည့်တယ်ဆိုတာလည်း ဘယ်သူမှ သိမှမဟုတ်ပါဘူး လျှို့ဝှက်မဲပါ၊ ကျမကအမြဲတမ်းပြောတယ် အဲ့ဒီလိုခြိမ်းခြောက်လို့ကို ကဲဖြစ်တော့ဦးဟဲ့ ဆိုပြီးတော့ NLD ကိုပဲ မဲထည့်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်"
ပြည်သူတွေအနေနဲ့ မိမိတို့ဘဝအနာဂတ်တွေ ပြောင်းရမယ်ဆိုတဲ့ စိတ်ထားမျိုး ထားကြပြီး မဲစာရင်းတွေကို စစ်ဆေးကြဖို့နဲ့ မှားနေရင်လည်း အပင်ပန်းခံပြီးပြင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အန်အယ်လ်ဒီပါတီဝင်တွေဟာ အများအကျိုးအတွက် အဖွဲ့အစည်းထဲမှာ ဝင်ရောက်တာဝန်ယူရတာ ဖြစ်ကြောင်းနဲ့ အခွင့်အရေးမယူကြဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို နမူနာပေးပြီး တိုက်တွန်းပြောခဲ့ပါတယ်။
နာယက သူရဦးတင်ဦးဟာ အသက် ၈၈ နှစ်ပြည့်နေပြီဖြစ်ပေမယ့် တိုင်းပြည်အကျိုးအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေသူဖြစ်ကြောင်းနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်ပေမယ့် ဘယ်တော့ မှ မောက်မာမှုမရှိကြောင်း နိုင်ငံရဲ့အနာဂတ်မှာ ဦးတင်ဦးလို လူပုဂ္ဂိုလ်တွေ အများကြီးထွက်ပေါ်လာမယ်လို့ လူတိုင်းကယုံကြည်မှု ထားကြစေလိုကြောင်းလည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲက အချက်တချို့ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။