ဂျပန်နိုင်ငံကို ရက်သတ္တပတ်တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေ ၇ နာရီလောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ရာမှာ ထောင်နဲ့ချီ တဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
ဂျပန်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က တိုကျိုမြို့ကို နှစ်ပေါင်း ၂၇ နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း တိုကျိုနဲ့ ကျိုတိုမြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မိသားစုဝင်တွေနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့အပြင် ဂျပန် ဒိုင်းယက် လွှတ်တော်ကို တက်ရောက်လေ့လာခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပြင် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီမှာ ဂျပန်အစိုးရက အကူအညီပေးနေတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် စတာတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေ မှာ ဖေါ်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဂျပန်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံမှာရှိနေစဉ်မှာပဲ ကမ္ဘာကျော် TIME မဂ္ဂဇင်းက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။