ဒေါ်အောင်ဆန်းစုကြည် Monash တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူ


2013.11.30
dassk-monash-305.jpg သြစတြေးလျနိုင်ငံ၊ Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို နိုဝင်ဘာ လ ၃ဝ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူနေစဉ်
photo: Internet

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို ဒီကနေ့ အပ်နှင်းလိုက်ပြီး Desmond Tutu လူမှုထူးချွန်ဆုကိုလည်း ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်လို့ ဘွဲ့နှင်းသဘင်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံ အတွက် အကြီးမားဆုံး လိုအပ်ချက်တစ်ခုပါ။ မိမိအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ အခုလိုပြောရတာ ဟာ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ဥက္ကဌ ဖြစ်နေတဲ့ အတွက်ကြောင့်တင် မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးဟာ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဆိုတာ ယုံကြည်ထားတဲ့အတွက်ကြောင့်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျ ခရီးစဉ်အတွင်း တက္ကသိုလ်လေးခုက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၄ ခု ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ Melbourne မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ညီလာခံမှာ မိန့်ခွန်းပြောဖို့ရှိပြီး မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Monash တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူပွဲမှာ ပြောကြားတဲ့မိန်းခွန်းကို RFA အဖွဲ့သား ဦးဘအောင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။