တာဝန်သိပြည်သူတွေဖြစ် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများ နဲ့ တွေ့ဆုံစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများ နဲ့ တွေ့ဆုံစဉ် (Photo : RFA/ Moe Thu Aung)

0:00 / 0:00

ပြည်သူတွေအနေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်မျိုးရှိမှ အုပ်ချုပ်တဲ့အစိုးရကို ပြည်သူက ချုပ်ကိုင်လို့ရမှာဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မန္တလေးတိုင်း ပြင်ဦး လွင်မြို့ မီးပုံးပျံကွင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံ ရာမှာ တချို့ကိစ္စတွေမှာ အစိုးရအာဏာပိုင်တွေ ကလည်း တာဝန်မရှိသလို ပြုမူနေတာတွေ့ရ သလို၊ ပြည်သူတွေဖက်ကလည်း တာဝန်မရှိဘူးဆိုပြီး လှစ်လျူရှုထားတာတွေ တွေ့နေရကြောင်း ပြောခဲ့ ပါတယ်။

“ကျမတို့ငယ်ငယ်တုံးက ပြည်သူ့နီတိဆိုတာ ကျောင်းမှာ သင်ခဲ့ရတယ်၊ ကလေးတိုင်း ကလေးတိုင်းက ပြည်သူ့နီတိဆိုတာ သင်ရတယ်၊ ပြည်သူ့နီတိဆိုတဲ့အဓိပ္ပါယ် က ပြည်သူများရဲ့တာဝန်၊ အခုကျတော့ ကျွန်မတို့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အစိုးရကလည်း တချို့ကိစ္စတွေ သူတာဝန်မရှိသလိုနေတယ်၊ ပြည်သူကလည်း တာဝန်မယူဘူးဆိုတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် ဘယ်သူက တာဝန်ယူမှာလည်းလို့ မေးစရာတွေဖြစ်လာတယ်၊ ကျမတို့ ပြည်သူတွေကို ကျမမေတ္တာရပ်ခံ ချင်ပါတယ်၊ တာဝန်ယူလိုက်ပါ၊ အဲ့လိုတာဝန်ယူမှ အစိုးရကို ကိုယ်ကချုပ်ကိုင်ထားလို့ရမှာ၊ ကိုယ်ကတာဝန်မယူဘဲနဲ့ ကိုယ့်အစိုးရကို ချုပ်ကိုင်ထားလို့ရမှာမဟုတ်ဘူး”

ဒါ့အပြင် အခွန်ဘဏ္ဍာငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုနေလဲဆိုတာ အစိုးရက မရှင်းပြတဲ့အတွက် ပြည်သူတွေဟာ အခွန်ဆောင်ချင်စိတ် မရှိကြတာဖြစ်ကြောင်းနဲ့ ဒါတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာနဲ့ ဆက်စပ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ ဒေသခံတွေဖက်ကလည်း သူတို့လိုအပ်ချက်တွေထဲက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို တင်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲကတည်းက ပြင်ဦးလွင်မြို့ကို လာရောက်ပြီး ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဒီကနေ့မှ အထမြောက်ခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။