အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို လွှတ်တော်မှာ တင်သွင်း


2016.03.31
dassk-henry-van-thieu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ တို့ကို မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်မယ့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ"ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မနက်ဖြန်ဆွေးနွေးပြီး အတည်ပြုနိုင်မယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

"အမျိုးသားမှာ မနက်ဖြန်ပြီးနိုင်တယ်ဗျ၊ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာလည်း မနက်ဖြန်ကို တပြိုင်နက်တည်းတင်မယ်၊ အမျိုးသားက အတည်ပြုပေးလိုက်တဲ့ဟာကို ပြည်သူ့ကိုပို့ရမယ်၊ ပြည်သူ ကပြင်ဆင်ချက်မရှိဘဲ အတည်ပြုမယ်ဆိုရင် ပြည်ထောင်စုကို တက်စရာမလိုဘဲနဲ့ ပြီးသွားမယ်ဗျ"

အဲဒီဥပဒေကြမ်းအရ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲွ့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဆန့်ကျင်ဘဲ အကြံပေးရမှာဖြစ်တယ်လို့ ပါရှိပါတယ်။ သက်တမ်းအားဖြင့် နိုင်ငံတော်သမ္မတ သက်တမ်းနဲ့ အညီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးရင် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး လာမယ့်ဧပြီလအတွင်း အတည်ပြုပြဌာန်းနိုင်မှာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး ၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။