ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပမည်
2017.07.31

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်းကို ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာမှာ ကျင်းပမယ်လို့ သိရပါတယ်။
အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးတို့က ညွှန်ကြားချက်တွေအတိုင်း စကားဝိုင်းကျင်းပဖို့အတွက် ပြင်ဆင်နေတယ်လို့ ဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက် က ပြောပါတယ်။
"လောလောဆယ်အနေအထားအရ သူက အင်္ဂါ၊ ဗုဒ္ဓဟူးပြောတာကိုး၊ ဒီနေ့ ဝန်ကြီးချုပ် လာမကြည့်နိုင်ဘူးလို့ တခါပြန်လာပြောလို့ သူလာ မကြည့်နိုင်ဘူးဆိုရင် မနက်ဖြန်ကတော့ မဖြစ်နိုင်ဘူးနဲ့ တူပါတယ်၊ တမြန်နေ့ ကတော့ လာကြည့်သွားတယ်၊ လောလောဆယ်မှာတော့ သူ့အတွက်ဟောပြောမယ့်စင်တွေ လုပ်နေတဲ့ အပိုင်းပါပဲ၊ အတိုင်ပင်ခံညွှန်ကြားရေးမှုးလား သမ္မတရုံးညွှန်ကြားရေးမှူးလား လာကြည့်ပြီးတော့ သူတို့ စီစဉ်ထားတဲ့အစီအစဉ်အတိုင်း ကျနော်တို့ ပြင်ဆင်ပေးနေတာဗျ"
ဝမ်းတွင်းမြို့ကနေ ၂ မိုင်အကွာလောက်မှာရှိတဲ့ မြေတိုင်ကန်ဆိုတဲ့ရွာမှာ ကျင်းပဖို့အတွက် မကြာသေးခင် ရက်ပိုင်းလောက်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံရုံးတာဝန်ရှိသူတွေ လာရောက်ပြီး စကားဝိုင်းကျင်းပဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစကားဝိုင်းမှာ ဈေးသည်၊ ယက္ကန်းလုပ်ငန်းရှင်၊ ယာဉ်မောင်း၊ ကျောင်းဆရာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ တက္ကသိုလ်ကျောင်းသူ စတဲ့အလွှာစုံက ပုဂ္ဂိုလ်တွေပါဝင်ဖို့အတွက် အဲဒီကျေးရွာမှာ နေထိုင်သူတွေထဲကနေ ရွေးချယ်ထားတယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းဟာ လေးကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။