ငြိမ်းချမ်းရေး ဖော်ဆောင်မှု မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီ


2013.07.21
ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၏ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတက်ရောက်လာစဉ်။
Photo:RFA/Sai Htun Aung Lwin

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်မင်းက အခုလို ပြောသွားတာပါ။

ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်တဲ့ အဓိကကျတဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က နိုင်ငံတော် သမ္မတ ၊ လွှတ်တော် ဥက္ကဌ ၂ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဗဟိုကော်မတီနဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မယ့် ပြည်ထောင်စု ငြိမ်းချမ်းမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းနှစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းရုံး KNU နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကော်စီ RCSS/SSA တို့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကြေငြာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။