နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်း စုကြည်တွေ့ဆုံ
2014.03.10

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့ လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောပါတယ်။
"ရွေးကောက်ပွဲက တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ အဲဒီတရားမျှတမှုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းချင်တာပါ၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတ တဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့် မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရမယ်၊ အဲဒါကိုလုပ်တဲ့အခါမှာ ကျမတို့အားလုံးဟာ ညီညီညွှတ်ညွှတ်နဲ့ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောင်းလဲချင်တဲ့လူရှိတာပေါ့၊ ကိုယ့်ရဲ့ခံယူချက် ကိုယ့်ရဲ့ယုံကြည်ချက်ကို အများပြည်သူနားလည်အောင်လို့ ရှင်းပြရမယ်"
ပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးမကြီးဘူး လို့ ပြောဆိုနေတာတွေရှိကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းနေတာ မှန်ကန်ကြောင်း အဲဒီအချက်ကို အကြောင်းပြုပြီး ရိုးရိုးသားသား ပြောဆိုကြသူတွေ ရှိသလို ဖွဲ့စည်းပုံကို မပြင်ဆင်လိုတဲ့သူတွေကလည်း ပြောဆိုတာတွေ ရှိနိုင်ကြောင်း အားလုံးနားလည်အောင် ရှင်းပြရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။