အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်း စုကြည် ဟောပြော
2014.03.22

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
မိုးကုတ်မြို့ မြို့နယ်အားကစားဘောလုံးကွင်းမှာ ပရိတ်သတ် ၄ သောင်းနီးပါး တက်ရောက်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရာမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အပိုင်းတွေကို ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း အခုလို ထည့်သွင်းပြောခဲ့တာပါ။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါပါတယ်၊ ဒါတွေကို ကျွန်မတို့ ဘာမှမပြောလိုပါဘူး၊ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူတွေကို အကျိုးမပြုတဲ့ အပိုင်းတွေကို နိုင်ငံကို အကျိုးမပြုတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲရမယ်"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးမှုရှိရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးကြောင်းလည်း အခုလို ထည့်သွင်းပြောခဲ့ပါတယ်။
" တရားဥပဒေ စိုးမိုးရေးဆိုတာဘာလည်း နားလည်ကြပါ၊ တရားဥပဒေစိုးမိုးရေးဆိုတာဟာ ပြည်သူလူထု အားလုံးအတွက် ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်း တည်ငြိမ်ဖို့အတွက် ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံမှာဆိုရင် ပြည်သူ၊ ပြည်သားများဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့၊ တကယ်ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတာ နှစ်ငါးဆယ် နီးပါးပဲ"
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တစ်ဦးချင်းက တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကူညီကြဖို့ တာဝန်ရှိကြောင်း၊ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်သလဲဆိုတာ အားလုံးကလေ့လာဖို့ တာဝန်ရှိကြောင်းနဲ့မိမိတို့ ပြောသမျှတွေကို မျက်စိစုံမိတ်ပြီး သဘောတူပါလို့လည်း မတောင်းဆိုကြောင်းလည်း ပြောခဲ့ပါတယ်။