ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တတိယအကြိမ်တွေ့ဆုံ

နေပြည်တော်က ပေါင်းလောင်းရိပ်သာ ခန်းမဆောင်မှာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံကြစဉ်
နေပြည်တော်က ပေါင်းလောင်းရိပ်သာ ခန်းမဆောင်မှာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံကြစဉ် (ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့ဘုတ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ နေ့လည်ပိုင်းက နေပြည်တော်စစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာမှာ ၁ နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး သူတို့ ၂ ဦး တတိယအကြိမ် တွေ့ ဆုံခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ကြိမ်တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ ဦးတည်း တွေ့ဆုံ ခဲ့တာဖြစ်ပေမယ့် အခုတစ်ကြိမ်တွေ့ဆုံပွဲကိုတော့ NLD ဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ပြီး တပ်မတော်ဖက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ပါတယ်။ မနေ့ကတွေ့ဆုံပွဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NLD နဲ့ တပ်မတော် ၂ ဖက်လုံးက သတင်းတိုအဖြစ်ပဲ ထုတ်ပြန်ခဲ့ကြပြီး အသေးစိပ် ပြောကြားခြင်းမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့ မနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး ပီယား ဂျော်ဂျို အာလီ ဘဲ့(ရ)တီး Pier Giorgio Aliberti နဲ့ တွေ့ဆုံခဲ့စဉ်ကတော့ တပ်မတော်အနေဖြင့် မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တိုင်းပြည်ကို ဥပဒေနှင့်အညီ ဦးဆောင်မှုပေးနေတဲ့ အစိုးရကို ကူညီပံ့ပိုးမှာဖြစ်ကြောင်းနဲ့ ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်လမ်းစဉ်ကို မည်သူမှ လက်မခံတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ပပျောက်အောင် လုပ်ဆောင်ဖို့ တပ်မတော်မှာ တာဝန်ရှိကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အီတလီ သံအမတ်ကြီး အာလီ ဘဲ့(ရ)တီး ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တပ်မတော်ရဲ့ အပြုသဘော လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် တိုင်းစစ်ဌာနချုပ်က ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်မှာ ဒီကနေ့ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက် ရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာနက်ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ NLD ပါတီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်မှု မရှိပါဘူး။

တွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂ရက်နေ့မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာ တစ်ကြိမ် တေ့ွဆုံခဲ့ပြီး ဒီနေ့တေ့ွဆုံမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။