အတိုင်ပင်ခံနဲ့ တပ်မတော် ခေါင်းဆောင်တွေကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေရှိ
2018.10.05

ရခိုင်ပဋိပက္ခအပါအဝင်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အများပြည်သူသိရှိအောင် သတင်းမထုတ်ပြန်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဟာ နှစ်ဦးတည်း ဒါမှမဟုတ် အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးတာတွေရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
အဲဒီလိုဆွေးနွေးပွဲတွေမှာ တခါတရံ နိုင်ငံတော်သမ္မတလည်း ပါဝင်တယ်လို့ ပြောပါတယ်။ တွေ့ဆုံပွဲ ဘယ်နှစ်ကြိမ်လောက်ရှိခဲ့ပြီ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပုပ္ပားမှာပြုလုပ်မယ့် NCA ၃ နှစ်ပြည့် အထိမ်းအမှတ်တွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်မယ်ဆိုတာကို ကြည့်မယ်ဆိုရင် အစိုးရနဲ့ တပ်မတော်တို့ကြား ဆက်ဆံရေးကောင်း၊ မကောင်းသိနိုင်မှာဖြစ်ပြီး ဆက်ဆံရေးမကောင်းဘူးဆိုရင် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း NCA ကိုအကောင်အထည်ဖော်ရာမှာ တစ်ဆို့နေတဲ့ အကြောင်း အရာတွေကို ဆွေးနွေးမှာဖြစ်ပြီး သတင်းမီဒီယာတွေကို သတင်းရယူခွင့် မပြုနိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။