NLD ထောက်ခံခဲ့တဲ့ ဆိုက္ကား ဆရာများ ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
2015.12.26

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့တဲ့ ဆိုက်ကား ဆရာတွေရဲ့ စိတ်ဓာတ်ဟာ တချို့ကိုယ်စားလှယ်လောင်းတွေရဲ့ စိတ်ဓာတ်ထက်ပိုပြီး မြင့်မြတ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအတွက် လှည့်လည်မဲဆွယ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ဆိုက်ကားဆရာတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ဆိုက်ကားဆရာတွေရဲ့ စိတ်ဓာတ်ဟာ အတုယူသင့်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
"ကျမ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော် ကျမတို့ ဆိုက်ကားဆရာတို့ရဲ့ စိတ်ဓါတ်က တချို့ကိုယ်စား လှယ်လောင်းတွေထက် အများကြီးပိုမြင့်တယ်၊ တချို့ကိုယ်စားလှယ်လောင်းတွေက ငါတို့ဘာနေရာရမယ်ဆိုတာ မှန်းပြီးတော့နေကြတယ်၊ ကျမသိတယ် ဒါအမှန်အတိုင်းပဲ၊ ဒါပေမဲ့ ကျမတို့ ဆိုက်ကားဆရာတွေက ဒီလိုစိဓါတ်မဟုတ်ဘူး၊ ငါတို့ဘယ်နေရာရမလဲဆိုတာကို စဉ်းစားစရာအကြောင်းလည်းမရှိဘူး၊ မစဉ်းစားဘူး၊ ငါတို့နိုင်ငံတိုးတက်ရင် ငါတို့အတွက်လည်းကောင်းမယ်ဆိုတာ မှန်ကန်တဲ့စိတ်ထားနဲ့လုပ်တာကို ကျမ အဲ့ဒီစိတ်ဓါတ်ကို အင်မန်မှတန်ဖိုးထားတယ်၊ ဒါဟာ ကျမတို့အားလုံး အတုယူစရာဖြစ်တယ်"
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တစ်မြို့နယ်ကို ငါး ယောက်စီ ရွေးချယ် ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မြို့နယ်တွေမှာ ဆိုက်ကားဆရာတွေက မဲနှိုက်ပြီး ကိုယ်စားလှယ် ရွေးချယ်ခဲ့တာဖြစ်တဲ့ အတွက် အဲ့ဒီလို လုပ်ဆောင်ချက်ဟာ အောက်ခြေမှာလည်း ဒီမိုကရေစီစနစ် ခိုင်မာတယ်ဆိုတာကို ပြသ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ ဆိုက်ကားဆရာတွေက သူတို့တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ သူတို့လိုလားတဲ့ အပြောင်းအလဲ ကို တင်ပြခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်းက ကောက်နှုတ်တင်ပြထားပါတယ်။