ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် သမ္မတတို့နဲ့ တွေ့ဆုံမည်
2015.11.30

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧည့်ရိပ်သာမှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကတဆင့် ဖော်ထုတ်ခဲ့တဲ့ လူထုဆန္ဒကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေး လိုကြောင်း နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယကတို့ထံ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ဝ ရက်နေ့က မေတ္တာရပ်ခံစာ ပေးပို့ထားတာဖြစ်ပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ က တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကေက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း၊ ဒုတိယအကြိမ်လွှတ်တော်အသစ်ကို ဥပဒေနဲ့အညီ ခေါ်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။