ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ဦးဆောင်တဲ့အဖွဲ့က လာရောက်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရုံး လူမှုရေးစာမျက်နှာမှာ ရေးသားထား ပါတယ်။
ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ အလားတူပဲ ဗြိတိန်ဝန်ကြီး ချုပ်ဟောင်းဟာ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။ မစ္စတာ ဘလဲ ဟာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်လေ့ရှိပြီး မြန်မာအစိုးရအပေါ် အကြံပေးလုပ်ငန်းတွေနဲ့ ဆက်စပ် ပတ်သက်ခဲ့တယ်ဆိုပြီး စွပ်စွဲဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။