ညီညွတ်ရေးအတွက် ပေးဆပ် ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2016.02.29
dassk-ethnic-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာမှာ တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထောင်စုအတွက် အားလုံးက လိုချင်တာတွေ တောင်းဆိုနေမယ်ဆိုရင် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို အားလုံးက ပေးဆပ်မှုနဲ့ ချဉ်းကပ်မှသာ ညီညွတ်ရေးကို ရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောတာ ဖြစ်ပါတယ်။

"ကိုယ်ဘာလိုချင်လဲဆိုတာပဲ ပထမတောင်းဆိုမယ်ဆိုလို့ရင် အားလုံးက ငါဒါလိုချင်တယ်၊ ငါဒါလိုချင်တယ်ဆိုရင် ဘယ်လိုလုပ် ကျမတို့ ညီညွတ်မှုရမလဲ၊ ကျမဖြစ်စေချင်တာက အားလုံးက ဒီပြည်ထောင်စုကြီး ခိုင်မာဖို့ အတွက် ပြည်ထောင်စုကြီး သာယာဖို့အတွက် ကျနော်တို့က ဒါပေးလို့ရတယ်၊ ကျမတို့ကတော့ ဒါပေးလို့ရတယ်၊ ကျမတို့ ပေးချင်တယ်၊ ကျနော်တို့ ပေးချင်တယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဒီကိစ္စကို ချဉ်းကပ်စေချင်တယ်"

အန်အယ်လ်ဒီရဲ့ မဟာမိတ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အတူတူမဝင်ဖို့ ရပ်တည်ပေးခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီအတွက် လေးစားမိကြောင်းလည်း ပြောပါတယ်။

ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ ထူထောင်ကြမလဲ ဘယ်လိုလုပ်ကြမလဲဆိုတာကို အကြံပေးဖို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလို့ ပြောကြတဲ့အခါ နောင်လာနောက်သားတွေကို ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲ၊ နိုင်ငံရေးတင်မကဘဲ လူမှုရေးအရ ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းဘို့ မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကဆုံးဖြတ်လိုက်ပြီး ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့  NLD ပါတီရုံးက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ထားတဲ့စာမှာ အဖွဲ့ချုပ်အမာခံပါတီဝင်အများအစုမှာ ရွေးကောက်ပွဲအနိုင်ရရှိပြီး လွှတ်တော်တွင်း ရောက် ရှိသွားတာကြောင့် ပါတီရဲ့လုပ်ငန်းစဉ်တွေ အားလျော့မသွားအောင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ကို ပါတီ ဗဟိုကော်မတီဝင် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင် တို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အလားတူ ပါတီက အရံဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မန်းဂျော်နီကို ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့လဲ NLD ဗဟိုလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သီးခြားထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။