ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ဘန်လ နေပြည်တော် မှာ တွေ့ကြမယ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ လာမယ့် ဇူလိုင်လအတွင်း နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
-
2016-06-30 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လတို့ လာမယ့် ဇူလိုင်လအတွင်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ် ပါတယ်။
တွေ့ဆုံမယ့်ရက်ကို အတိအကျသတ်မှတ်နိုင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီနဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တွေ မနက်ဖြန် ရန်ကုန်မြို့မှာ ကနဦးတွေ့ဆုံ သွားမှာဖြစ်တယ်လို့ UNFC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က ပြောပါတယ်။
"ကျနော်တို့ UNFC က ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခြင်း ခံရတဲ့ အတွက်လည်း တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ဖို့အတွက် ကျနော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်၊ တွေ့ဆုံမှုအပေါ်မှာ မူတည်ပါတယ်၊ အဲ့ဒီကမှပဲ ကျနော်တို့ ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်အချိန်ဖြစ်မယ် ဆိုတာကို ကျနော်တို့ ပြောလို့ရမှာပါ၊ ဒီတွေ့ဆုံဆွေးနွေးမှုမဖြစ်ခင်တော့ ကျနော်တို့ ကြိုပြီးဘာမှပြောလို့မရပါဘူး"
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ရာမှာ UNFC က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က UNFC ဥက္ကဌနဲ့အဖွဲ့ကို လက်ခံတွေ့ဆုံသွားဖို့ အကြောင်းပြန်ကြားထားပြီး ဖြစ် တာကြောင့် လာမယ့်ဇူလိုင်လ ပထမအပတ်အတွင်း တွေ့ဆုံနိုင်ဖို့အတွက် ဒေါက်တာတင်မျိုးဝင်းက စီစဉ်ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။
လက်ရှိ UNFC အဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
အခုလ ၂၈ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံခဲ့ရာမှာ ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့်သြဂုတ်လအတွင်း ဆောင်ရွက်နိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေဟာ မနက်ဖြန် ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ဥက္ကဌတို့ နေပြည်တော် မှာ တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းသွားဖို့ရှိတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။ ဦးလှမောင်ရွှေ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။