ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒီကနေ့တွေ့ဆုံ ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
"ငြိမ်းချမ်းရေးကို အားပေးကြပါ၊ ငြိမ်းချမ်းရေးကို အားပေးဖို့ဆိုရင် အခြေခံတစ်ခုကဘာလဲဆိုတော့ အချင်းချင်းသင့်မြတ်အောင်နေဖို့ပဲ၊ ငြိမ်းချမ်းရေးအခြေခံက အချင်းချင်းသင့်မြတ်ခြင်းပဲ"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဒီနေ့မနက် က ရောက်ရှိပြီး မနက်ပိုင်းမှာ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့ အစည်းတွေ၊ ကချင်အတိုင် ပင်ခံအဖွဲ့တွေနဲ့ စီတာပူရပ်ကွက်က Palm Spring ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာ ခတ်ချိုကျေးရွာက ကယ်ဆယ်ရေးစခန်းကို သွားရောက်ပြီးနောက် အဲဒီစခန်းက တနိုင်တပိုင်လုပ်ကိုင်နေတဲ့ ပယင်းကျောက်လုပ်ငန်းကိုလည်း သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ စစ်ဘေးဒုက္ခသည်တွေကို အခြေခံစားသောက်ကုန်တွေ နဲ့ အဝတ်အထည်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မိုင်းနားကချင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းကိုလည်း သွားရောက်ခဲ့ ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက် စတဲ့ မြို့နယ်တွေကို သွားရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူပြီးနောက် ကချင်ပြည်နယ်ကို ဒါပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။