ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ငွေကြေးသုံးစွဲနိုင်မှုက အဓိကမဟုတ်ပဲ စိတ်ဓါတ်နဲ့ စေတနာ မှန်ရင် ပြည်သူကလက်ခံမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကို ဒီနေ့ လာရောက်လေ့လာတဲ့ ရွှေဘိုမြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ တာဖြစ်ပါတယ်။
"အားလုံးညီညီညွှတ်ညွှတ်လုပ်ကြနော်၊ အဲ့ဒါအရေးကြီးဆုံးပဲ၊ ကိုယ်ညီညွှတ်မှအောင်မြင်မှာ၊ တခြားဘက်က ပိုက်ဆံရှိတာတွေဘာတွေ တချို့ကစိတ်ပူကြတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကတော့ အင်မတန်မှ ချမ်းသာတယ်၊ NLD ကဘာမှမရှိပါဘူး၊ အဓိကကတော့ ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်စေတနာပဲ၊ ကိုယ့်စိတ်ဓါတ် နဲ့ စေတနာမှန်ရင် ပြည်သူကလက်ခံမှာပဲ၊ ဒီနိုင်ငံက ပြည်သူပြည်သားတွေက ပိုက်ဆံပေးရင်တော့ယူမှာပေါ့၊ အမေလည်း အမြဲပဲပြောတယ်၊ ပေးရင်တော့ယူလိုက် ဒါဒီဘက်ကလည်း မပေးနိုင်ဘူး၊ ပေးနိုင်တဲ့ဘက်ကပေးတာ ယူလိုက်၊ မဲပေးတာမှန်ကန်ဖို့ပဲ အရေးကြီးတယ်၊ အဲတော့ ကိုယ့်ရဲ့စေတနာမှန်တယ်၊ စိတ်ထားမှန်တယ်၊ ကိုယ်ကညီညီညွှတ်ညွှတ်နဲ့ လုပ်တယ်ဆိုရင် အောင်မြင်မှာပဲ၊ အဲတော့ ထူးထူးထွေထွေကြားက သိပ်မစဉ်းစားနဲ့"
ဒါ့အပြင် ပါတီအောင်နိုင်ရေးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြဖို့နဲ့ ပါတီဝင်အချင်းချင်း ရန်မဖြစ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားစရာမရှိကြောင်းနဲ့ သတင်းစာရှင်းလင်းပွဲလုပ်သင့်၊ မလုပ်သင့်စဉ်းစားရဦး မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ကြာသွားရောက်ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။