NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၈ ရက် တွေ့ဆုံမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော် Horizon Lakeview ဟိုတယ်မှာ မေလ ၂၇ ရက်နေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော် Horizon Lakeview ဟိုတယ်မှာ မေလ ၂၇ ရက်နေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ တွေ့ရစဉ် (Photo: Win Ko Ko Latt/RFA)

0:00 / 0:00

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ လာမယ့် ဇွန်လ ၂၈ ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ပြီး မြောက်စေဖို့အတွက် အတူတကွ လက်တွဲဆောင်ရွက်နိုင်ရေး ဆွေးနွေး သွားမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရင်းနှီးမှု၊ ယုံကြည်မှုရရှိဖို့ ကျနော်တို့ ပထမဆုံးအကြိမ်တွေ့တာဆိုတော့ အဲ့ဒါကိုပဲ ကျနော်တို့ ဦးတည်ပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်နေတဲ့ ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အောင်မြင်ပြီးမြောက်အောင် ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့၊ ပူးတွဲကျင်းပသွားဖို့ပေါ့လေ ကျနော်တို့ အဲ့ဒါတွေကိုလည်း စေ့စပ်ဆွေးနွေးမှာဖြစ်ပါတယ်"

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက အဲ့ဒီအဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးမယ့် အချက်တွေအပါအဝင် အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေပါ ညီလာခံတက်ရောက်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လရဲ့ တောင်းဆို ချက်အရ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အပစ်ရပ် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ စုပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇူလိုင်လအတွင်း ကျင်းပသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ ဆုံနိုင်ဖို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ကိုယ်စားလှယ်တွေက ခွင့်ပြုချက် တောင်းထားတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။