လေးပွင့်ဆိုင်တွေ့ဆုံရေး အဓိက ကျကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော
2014.08.01

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဓိကကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဒီလေးပွင့်ဆိုင် ဆိုတာ လေးယောက်ထိုင်ပြီးတော့ စကားပြောတာ ပြီးတော့ ထမင်းစားချင်လို့ ဘာလို့ မဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာတွေကို နောက်ဆုံး ကျတော့ ဘယ်လိုဘက်ကနေ လှည့်ပတ်ကွေ့ကောက် ပြီး ပြောပြော၊ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘော တူညီချက်မရဘူး၊ အဲဒီလို ဆွေးနွေးညှိနှိုင်းတိုင်ပင် ပြီးတော့ရတဲ့ သဘောတူညီချက်အရသာ နိုင်ငံတစ်နိုင်ငံမှာ တကယ့် ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့် ပဋိပက္ခများ ပြေငြိမ်းရေးကို လုပ်နိုင်မယ်၊ ဒါဟာ အတွေ့အကြုံအရ ပြောနေတာ၊ စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူး"
ဒါ့အပြင် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။