ကြေးနီစီမံကိန်း ဒေသခံတွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ


2013.03.13
dassk-lpd-305 လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာထုတ်ပြန်ပြီးနောက် မတ် ၁၃ ရက်နေ့က လက်ပန်တောင်းတောင် ဒေသခံပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံစဉ်
Photo : RFA/ Aung Nay Myo

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက် ဒီကနေ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေ နဲ့တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။

ဒါ့အပြင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို ကုမ္ပဏီတွေဖက်က တာဝန်ယူဖြေရှင်းပေးသင့်တဲ့ အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့ပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်လို့ မြေယာလျော်ကြေးတွေနဲ့ ပတ်သက်လို့ ကျမတို့ရှင်းပြပြီးပါပြီ၊ အလုပ်အကိုင်တွေလည်း ဖန်တီးပေးရမယ်၊ ကျန်းမာရေးလည်း စောင့်ရှောက်ပေးရမယ်၊ ပညာရေးနယ်ပယ်လည်း တိုးတက်အောင် ကျမတို့လုပ်ပေးရမယ်၊ ဒါပေမယ့် ကျမရှင်းဖို့တစ်ခု လိုပါသေးတယ်၊ အဲ့ဒီကိစ္စကတော့ စေတီတော်နဲ့ သိမ်ကိစ္စပါ၊ လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းလုပ်လို့ရှိရင် စေတီတော်နဲ့ သိမ်ကိုမပျက်အောင် လုပ်စေချင်တယ်ဆိုပြီးတော့ ပြောကြပါတယ်၊ ဒါကိုကျမလည်း အများကြီးနားလည်ပါတယ်၊ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက် စေတီတော်ကို ကြည်ညိုလေးစားတဲ့ အလေ့အထဟာ အင်မတန်မှ အင်အားရှိပါတယ်၊ ဒါဟာကျမတို့ရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီစီမံကိန်းကို လုပ်လိုက်လို့ရှိရင် စေတီနဲ့ သိမ်ကို ဝိုက်ပြီးတော့လုပ်လို့ရပါတယ်၊ ဝိုက်ပြီးတော့ အဲဒီဟာပဲချန်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ လုပ်လို့ရပါတယ်၊ အဲဒီလိုလုပ်လို့ရှိရင်တော့ ရတယ်ဆိုပေမယ့် ရေရှည်မှာတော့ ဒီစေတီရဲ့ခိုင်မာရေးကို ဘာမှအာမခံချက်မရှိပါဘူး ”

စီမံကိန်းရပ်ဆိုင်းလိုက်မယ်ဆိုရင် မိမိတို့နိုင်ငံအပေါ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအရ ယုံကြည်မှုပျက်ပြားသွားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိတို့အနေနဲ့အတူ ယှဉ်တွဲနေထိုင်သွားရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။

မနေ့က ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ အဲဒီအပေါ် မကျေနပ်ကြတဲ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေအနေနဲ့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေထံက ခွင့်ပြုချက်ယူပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ဒေသခံအာဏာပိုင်တွေကလည်း ဆန္ဒပြဖို့ခွင့်ပြုချက်ပေးမယ်လို့ ကတိပေးပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ပြည်သူတွေအနေနဲ့ အနာဂတ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမှာဖြစ်ကြောင်းနဲ့ အပြောင်းအလဲတွေကို လက်ခံရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ဒေသခံတွေနဲ့ တွေ့ဆုံဖို့အတွက် ကြေးနီတောင်ဒေသက ကျေးရွာတွေကိုအသွား လမ်းခရီးမှာ  လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် မကျေနပ်လို့ ဆန္ဒပြနေတဲ့ဒေသခံတွေ တားဆီပိတ်ဆို့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။