ဒေါ်အောင်ဆန်းစုကြည် စာပေပညာရှင်များနဲ့ ဆုံတွေ့

0:00 / 0:00

မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီခရီး ဘယ်ဘက်ကို ဦးတည်နေတယ်ဆိုတာကို အခုအချိန်၂၀၁၄ ခုနှစ်က မှတ်ကျောက်တင် ဆုံးဖြတ်မှာဖြစ်တဲ့အတွက် စာပေ အနုပညာရှင်တွေအနေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပတဲ့ စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို တိုက်တွန်းခဲ့တာပါ။

"ဒီအချိန်ဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန် ကျမတို့နိုင်ငံ ဘယ်လမ်းသွားမလဲ ဆိုတာကို ၂ဝ၁၅ က ဆုံးဖြတ်မှာမဟုတ်ပါဘူး၊ အခု ၂ဝ၁၄ က ဆုံးဖြတ်မှာလို့ ကျမ မကြာခဏပြောပါ တယ်၊ ၂ဝ၁၄ ရဲ့ မှန်တဲ့လမ်းပေါ်မှာရောက်သွားမှ ၂ဝ၁၅ ကျလို့ရှိရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကိုရောက် မှာဆိုတာ အရင်ကတည်းက ပြောခဲ့တဲ့ကိစ္စပါ၊ အခုဒီကိစ္စကိုလည်း ထူးထူးထွေထွေ ကျမတို့ရဲ့ စာပေအနုပညာ ရှင်တွေကို ရှင်းပြဖို့မလိုပါဘူး၊ ဒါပေမဲ့ ဒီအသိစိတ်ဓါတ်နဲ့ ကျမတို့နိုင်ငံ တကယ့်ကိုရောက်သင့်တဲ့ လမ်းပေါ်ရောက် သွားဖို့ကို ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့တော့ ကျမကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်"

စာပေအနုပညာရှင်တွေ၊ ကာတွန်းဆရာတွေနဲ့ ပန်းချီပညာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး ပံ့ပိုးကူညီပေးခဲ့သူတွေဖြစ်သလို အခုအချိန်ဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုဖြစ်တဲ့အတွက် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ စာပေအနုပညာရှင်တွေကလည်း လက်ရှိတိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စာပေနဲ့စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သရွေ့ပံ့ပိုးသွားမှာဖြစ်သလို စာပေအနုပညာရှင်တွေနဲ့ မကြာခဏတွေ့ဆုံဖို့ ကြိုးစားသွားမယ်လို့လည်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေ တွေ့ဆုံတာဟာ ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလဲ ပြင်ဦးလွင်မြို့မှာ အထက်မြန်မာပြည်က စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။