မဲခေါင်- ဂျပန် ထိပ်သီးညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံနေစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံနေစဉ် (Photo: Ministry of Foreign Affairs Myanmar/ Facebook )

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလအတွင်း ဒေသတွင်းဆိုင်ရာ ညီလာခံတစ်ခုကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကိုသွားရောက်မယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ဖူကူရှီးမားပြည်နယ်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတစ်ခုကိုလည်း သွားရောက်ကြည့် ရှုလေ့လာမယ်လို့ ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမားရှားပါးလာမှုတွေရှိနေပြီး အလားတူ အလုပ်သမားရှားပါးနေတဲ့ ဂျပန်နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဂျပန်နိုင်ငံအနေနဲ့ ဘယ်လို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သလဲဆိုတာကို စံနမူနာယူနိုင်ဖို့အတွက် ကိုယ်တိုင်ကွင်းဆင်းလေ့လာမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၈ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပမယ့် ၁၀ ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးညီလာခံကို တက်ရောက်ဖို့အတွက် သွားရောက်မှာဖြစ်ပြီး ခရီးစဉ် ၆ ရက်ကြာမြင့်မယ်လို့လည်း သိရပါတယ်။